ရခိုင်ပြည်နယ် ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ် အတွက် ခွဲဝေသုံးစွဲခွင့် ပေးသွားမည်ဟုစွမ်းအင်ဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသော်လည်း တရားဝင်မဟုတ်သေးဟု ရခိုင်လွှတ်တော်အမတ်တဦးက ဝေဖန်လိုက်သည်။
ရခိုင်တိုင်း ရင်းသားများ တိုးတက်ရေးပါတီ (RNDP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က “ဂျာနယ်လေးတစောင်ကို ပြောရုံနဲ့ တရားမဝင်ပါဘူး။ စွမ်းအင်ဝန်ကြီး ဒါမှမဟုတ် အစိုးရရဲ့တာဝန်ရှိသူ ဝန်ကြီးတဦးဦးက တရားဝင် သတင်းစာရှင်းလင်းပွဲ လုပ်တာမျိုး အစိုးရ သတင်းစာတွေက တရားဝင်ကြေညာတာမျိုးကိုမှ လက်ခံနိုင်မှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ကမ်းလွန်ဒေသမှ ထုတ်လုပ်မည့် ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်သူများ သုံးစွဲနိုင်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ကိုရီးယားဒေဝူးကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုမှုတွင် ၂၀၁၁ နှစ်ကုန်ပိုင်းက သဘောတူညီမှု ရခဲ့ကြောင်း နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးကို ကိုးကား၍ ပြည်တွင်းဂျာနယ်များတွင် ပြီးခဲ့သည့် သတင်းပတ်က ဖော်ပြခဲ့သည်။
“ဒီကိစ္စဟာ ပြည်သူတရပ်လုံးရဲ့ဆန္ဒဖြစ်တဲ့အတွက် ပြည်သူတွေကို အတိအကျ မကြေညာသေးသမျှ ကာလအတွင်း ပြည်သူ့ကိုယ်စား လွှတ်တော်မှာ တင်ပြ ဆွေးနွေးရဦးမှာပါ” ဟု ဒေါက်တာ အေးမောင်က ဆိုသည်။
“နောက်နှစ်ဆိုရင် တရုတ်နိုင်ငံကို ရောင်းတော့မယ်။ တရုတ်ကို ရောင်းတာနဲ့ တပြိုင်တည်း ကျနော်တို့ကို ပေးရမယ်လို့ မတောင်းဆိုပါဘူး။ ဒါပေမယ့် ရခိုင်ပြည်ကို ဘယ်နှစ်ရာခိုင်နှှုန်း၊ ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်သွားမယ်ဆိုတာမျိုး ပြည်သူတွေကို ချပြပေးဖို့ အရေးကြီးတယ်” ဟု ဒေါက်တာအေးမောင် က ဆက်လက်ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်သည့်ဂက်စ်ဖြင့် ဒေသခံပြည်သူများအား လျှပ်စစ်ဓာတ်အား ပေးရန်အစီအစဉ် ရှိမရှိ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် လွှတ်တော်၌ မေးမြန်းခဲ့ရာ တရုတ်နိုင်ငံသို့ ရောင်းချထားပြီး ဖြစ်၍ ပေးရန်အစီအစဉ် မရှိဟု စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ဖြေဆိုခဲ့ပြီးနောက် ဒေသခံများအကြား ၂၄ နာရီ မီးရရှိရေး လှှုပ်ရှားမှုများ ဆက်တိုက် ပေါ်ပေါက်ခဲ့သည်။
ရွှေဂက်စ်စီမံကိန်းမှ ဓာတ်ငွေ့ကို ရခိုင်ပြည်သူများ ခံစားခွင့်ရရှိရေးအတွက် လူထုဆန္ဒခံယူပွဲတခုကို ကျောက်ဖြူမြို့၌ ဇန်နဝါရီလ ၁ ရက်နေ့က RNDP ပါတီမှ ဦးဆောင်ကျင်းပခဲ့ရာ ဒေသခံထောင်ချီ၍ တက်ရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ကျောက်ဖြူမြို့ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က “စွမ်းအင်အရာရှိက ဒီလိုပြောတာက မိမိတို့ ရပိုင်ခွင့်ကို ဆန္ဒထုတ်ဖော်နေကြတဲ့ လူထုကို နှစ်သိမ့်လိုတဲ့အတွက် ပြောတဲ့စကားလို့ပဲ ယူဆတယ်” ဟု ပြောသည်။
၎င်းက ဆက်လက်၍ “၂၀၁၁ ခုနှစ်ကတည်းက သဘောတူညီမှု ရရှိထားတယ်ဆိုရင် ဘာလို့ တရားဝင် မကြေညာတာလဲ။ ပြည်သူတွေကို တရားဝင်ကြေညာပေး လိုက်ရင် အခုလိုမျိုး လူထုဆန္ဒ ထုတ်ဖော်တာတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး။ အစိုးရ အနေနဲ့ပွင့်လင်းဖို့ လိုပါလိမ့်မယ်” ဟု ဆိုသည်။
ဒေါက်တာ အေးမောင်ကလည်း ပြည်ထောင်စုစနစ် ဖြစ်သည့်အတွက် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထွက်သောဂက်စ်သည် ရခိုင်ပြည်သူများ သာမက ပြည်ထောင်စုတဝှမ်းလုံးရှိ တိုင်းရင်းသားအားလုံး သုံးစွဲခွင့်ပေးရန် အစိုးရအနေဖြင့် ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ပြောသည်။
စာချုပ် ချုပ်ထားသည်နှင့် လက်တွေ့ လုပ်ဆောင်မှုများ ကွဲလွဲနေသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း အကောင်အထည် ဖော်ရေးကြောင့် ဒေသခံပြည်သူများသည် လူ့အခွင့်အရေး ချိုးဖောက်မှု၊ ခေါင်းပုံဖြတ်ခံရမှုများ ကြုံတွေ့နေကြရပြီး ထိုကိစ္စများကို လွှတ်တော်၌ တင်ပြဆွေးနွေးသွားမည်ဟု ရှေ့နေတဦးလည်းဖြစ်သူ ဦးဘရှိန်က ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် လျှပ်စစ်ရရှိရေးအတွက် လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦးနှင့် ဆွေးနွေးမှုပြုလုပ်ခဲ့ရာ ဝေစုတခု ရရှိရေးအတွက် ကြိုးပမ်းပေးမည်ဟု နှှုတ်ကတိ ရခဲ့ဖူးကြောင်း၊ သို့သော် နှှုတ်ကတိသာ ဖြစ်၍ တိကျသော အဖြေမရှိသေးဟု ဒေါက်တာအေးမောင်က ဆိုသည်။ ဆွေးနွေးခဲ့သည့် ဝန်ကြီးနှစ်ဦး အမည်ကိုမှု ဒေါက်တာအေးမောင်က ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“အစိုးရ အနေနဲ့ ပြောနေရုံ၊ နှှုတ်ကတိတွေ ပေးနေရုံနဲ့ ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေ ရပ်တန့်သွားမယ်လို့မထင်ပါဘူး” ဟု ဒေါက်တာ အေးမောင် ပြောသည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ တရုတ်နိုင်ငံသို့ တနှစ်လျှင် သဘာဝဓာတ်ငွေ့တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ ထိုသဘာ၀ ဓာတ်ငွေ့စီမံကိန်းမှ မြန်မာအစိုးရသည် တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း ရွှေသဘာဝဓာတ်ငွေ့လှုပ်ရှားမှု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ကမ်းလွန်ဒေသ၌ A-1 နှင့် A-3 ရေနံလုပ်ကွက်များကို ၂၀၀၃ ခုနှစ်မှ စတင်ထုတ်ယူပြီး တရုတ်နိုင်ငံသို့ ရောင်းချရန် သဘောတူထားပြီး ဖြစ်ကာ နှစ်ပေါင်း ၃၀ အထိ ဝယ်ယူခွင့်ရမည် ဖြစ်သည်။ ရွှေသဘာဝဓာတ်ငွေ့အားလုံး၏ ၉၀ ရာခိုင်နှှုန်းကို တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ပြီး ၁၀ ရာခိုင်နှှုန်းအား အစိုးရနှင့်သက်ဆိုင်သည့် စက်ရုံများတွင် သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာတစောင်တွင် မြန်မာနိုင်ငံ၌ ရခိုင်ပြည်နယ်သည် ဒုတိယ အဆင်းရဲဆုံးပြည်နယ်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အနှေးကွေးဆုံးဒေသ ဟု ဖော်ပြထားသည်။ ရခိုင်ပြည်နယ်၌ လျှပ်စစ်မီး တယူနစ်လျှင် ကျပ် ၅၀၀ မှ ၆၅၀ အထိပေး ဆောင်နေရကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။