စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး (စီးပွား/ကူးသန်း) ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းနှင့် အရာရှိ ဆယ်ဦးထက်မနည်းကို

လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်နွယ်နေသဖြင့် ဌာနပြောင်းရွှေ့လိုက်ပြီး နယ်စပ် ကုန်သွယ်ရေးစခန်း နှစ်ခုကို ပိတ်သိမ်းကာ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်အတွင်းရှိ လားရှိုး-မူဆယ်လမ်းပေါ်မှ ရေပူ နယ်စပ်ကုန်စစ်ဆေးရေး စခန်းနှင့် မွန်ပြည်နယ်အတွင်းရှိ မရမ်းချောင် နယ်စပ်ကုန်စစ်ဆေးရေး စခန်းတို့တွင် တရားမဝင် ကုန်စည်များကို လာဘ်ယူကာ တင်သွင်းခွင့်ပြုနေကြောင်း၊ ထို့ကြောင့် နယ်စပ်စခန်းများမှ ဝန်ထမ်းများမှာ ကျပ် သိန်းရာထောင်ချီ၍ ဝင်ငွေရရှိနေသည်ဟု တိုင်ကြားစာများ နေပြည်တော် သမ္မတရုံးက လက်ခံရရှိခဲ့သဖြင့် စစ်ဆေးခဲ့ရာ မသမာမှုများ အမှန်တကယ် ဖြစ်ပွားနေကြောင်း၊ ထို့ကြောင့် အရေးယူသည့် အနေဖြင့် နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးဟောင်း ဦးအောင်မင်း အပါအဝင် ဆယ်ဦးထက် မနည်းသော အရာရှိကြီးများကို ဇန်နဝါရီလ ၇ ရက်နေ့တွင် မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး ဌာနသို ပြောင်းရွှေ့လိုက်ကြောင်း သိရှိရသည်။
“နယ်စပ်ညွှန်ချုပ်ကို အရေးပေါ်အမိန့်နဲ့ရာထူးက ရွှေ့ပစ်လိုက်တယ်။ နယ်စပ်စခန်းတွေက စီးပွား/ကူးသန်း အရာရှိတွေ အကုန်ပြန်ခေါ်ပြီး ဌာနတွေပြောင်းပစ်လိုက်တယ်။ နယ်စပ်စခန်းတွေမှာ ငွေမတရားတောင်းလို့ ကုန်သည်တွေနဲ့ ဒေသခံ အာဏာပိုင်တွေ တိုင်ကြ၊ တောကြရင်း အဲဒီအမှုဖြစ်သွားတာ” ဟု ရန်ကုန်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးမှ အရာရှိတဦးက ပြောသည်။
နယ်စပ်ကုန်သွယ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်းသည် မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းရွှေ့ခံလိုက်ရပြီး ၎င်း၏ နေရာတွင် ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လေးကို အစားထိုး ခန့်လိုက်ကြောင်း ဇန်နဝါရီလ ၇ ရက်နေ့ထုတ် နိုင်ငံတော်ပြန်တမ်းများ၌ ဖော်ပြထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အရာရှိများနှင့် ဝန်ထမ်းများသည် နယ်စပ်ကုန် စစ်ဆေးရေးနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများသို့ သုံးလတကြိမ်၊ လေးလတကြိမ် ပြောင်းရွှေ့ အလုပ်လုပ် ကြရပြီး နယ်စပ်စခန်းများမှ ပြန်လာသောအခါတိုင်း ဝန်ထမ်းတဦးလျှင် အနည်းဆုံးသိန်းတရာမှ သိန်းထောင်ချီ ရရှိသဖြင့် စီးပွား/ ကူးသန်း ဝန်ထမ်း အများစုသည် နယ်စပ်စခန်းများသို့ ရွှေ့ပြောင်း အလုပ်လုပ်ခွင့်ရရန် ညွှန်ကြားရေးမှူးချုပ် ကဲ့သို့သော အရာရှိကြီးများအား လာဘ်ထိုး ရကြောင်း သိရှိရသည်။
“နယ်စပ်စခန်း တခါသွားပြီး ပြန်လာရင် ကားဝယ်၊ အိမ်ဝယ်တွေ ဖြစ်ကုန်တယ်။ အဲဒါ သာမန် စာရေးကအစ အရာရှိအဆုံး အဲဒီလိုတွေဖြစ်နေတာ။ နယ်စပ်စခန်းမှာ တာဝန်ကျတဲ့ စီးပွား/ကူးသန်း ဝန်ထမ်းတင်မကဘူး အကောက်ခွန်၊ ရဲ ဝန်ထမ်းတိုင်း လိုလို နေ့ချင်းညချင်း ချမ်းသာကြတာ” ဟု အမည်မဖော်လိုသော အစိုးရအရာရှိကြီး တဦးက ပြောသည်။
၂၀၀၆ ခုနှစ် အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် အပါအဝင် ဝန်ထမ်း ၆၀၀ ကျော်ကို လာဘ်ပေးလာဘ်ယူ မှုများနှင့် အရေးယူ ထောင်ချပြီးနောက် နယ်စပ်ကုန်သွယ်ရေး စခန်းများနှင့် နယ်စပ်စစ်ဆေးရေး ဂိတ်များကို အကောက်ခွန် ဦးစီးဌာနက ဦးစီး လုပ်ကိုင်ခွင့် မရတော့ဘဲ စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဦးစီးလုပ်ပိုင်ခွင့် ရရှိခဲ့ကြောင်း၊ ယခုအခါတွင် နယ်စပ်စခန်း နှစ်ခုကို အကောက်ခွန်ဦးစီးဌာနသို့ ပြန်လည်လွှဲပြောင်း ဦးစီးလုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း သိရှိရသည်။
“အကောက်ခွန်က နယ်စပ်စခန်းတွေ ပြန်ယူလိုက်လို့ ခြစားမှုတွေ ပျောက်မသွားပါဘူး၊ ဖြစ်မှာပဲ။ ထိထိရောက်ရောက် အရေးမယူ ဘဲနဲ့တော့ ခြစားမှုတွေ၊ လာဘ်ပေးလာဘ်ယူ မှုတွေက ဆက်ဖြစ်နေမှာ။ အခု ဖြစ်သွားတဲ့ ကိစ္စမှာလည်း ပေါ်ပေါ်တင်တင် ဖြစ်နေတာကို တွေ့ရပေမယ့် ဌာနပြောင်း ပြစ်ဒဏ်လောက်ပဲ ချတယ်။ အဲဒီတော့ ဝန်ထမ်းတွေထဲမှာ လာဘ်ပေးလာဘ်ယူ မှုတွေက ဆက်ပြီးရှိနေဦးမယ်” ဟု အစိုးရဝန်ကြီး ဌာနတခုတွင် ညွှန်ကြားရေးမှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေဆဲ အငြိမ်းစား ဗိုလ်မှူးတဦးက ဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့တွင်ပင် လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့သော တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးခင်ဇော်ကို ဝန်ကြီးချုပ်ရာထူးမှ အနားပေးခဲ့ပြီး အမိန့်စာတစ်ရပ်ကို သမ္မတဦးသိန်းစိန်က ထုတ်ပြန်ခဲ့ပြီး ၎င်း၏ ဆန္ဒသဘောအရ နုတ်ထွက်ခွင့်ပြုသည်ဟု အမိန့်စာတွင် ဖော်ပြခဲ့သည်။
“ဘယ်လောက်ပဲ ကြီးမားတဲ့ လာဘ်ပေးလာဘ်ယူ လုပ်ပါစေ၊ ရာထူးအနားပေးရုံ၊ ဌာနပြောင်းရွှေရုံ လောက်ပဲ အရေးယူပြီး ပြီးသွားတယ်ဆိုရင်တော့ ဦးသိန်းစိန်အစိုးရ ပြောနေတဲ့ ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ခြစားတဲ့ ဝန်ထမ်းတွေကို ထိထိရောက် တရားရုံးတင် ထောင်ချ၊ မီဒီယာတွေမှာ လွတ်လွတ်လပ်လပ် ဖော်ပြခွင့်ပေးမှ နောင် အစိုးရဝန်ထမ်းတွေ ခြစားမှုမလုပ်ရဲမှာ” ဟု ရန်ကုန်အခြေစိုက် ဝါရင့်သတင်းစာ ဆရာတဦးက သုံးသပ်သည်။
ပြည်တွင်း သတင်းမီဒီယာများတွင် အစိုးရဝန်ထမ်းများ၏ လာဘ်ပေးလာဘ်ယူ သတင်းများနှင့် ပတ်သက်ပြီး ဖော်ပြခွင့် မရသေးဘဲ ဆက်လက်ပိတ်ပင် ထားဆဲဖြစ်သည်။