မိမိတို့၏ ဆန္ဒမဲဖြင့် ကိုယ်လိုချင်သော အစိုးရဖြစ်အောင် ဖန်တီးကြရန်နှင့် နိုင်ငံရေးတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။
ယနေ့နံနက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ဖွင့်ပွဲအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က “နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီလမ်းကို သွားနိုင်ဖို့အတွက် ရွေးကောက်ပွဲ လုပ်တယ်ဆိုတာက အဓိကတော့ ပြည်သူတွေရဲ့အသံ ကျယ်ကျယ်ရှင်းရှင်း ကြားနိုင်အောင် လုပ်တဲ့ကိစ္စ။ သန်း ၆၀ စလုံးက မဲထည့်နိုင်တဲ့ အနေအထားမရှိဘူး။
ရွေးကောက်ပွဲမှာ မဲထည့်နိုင်တဲ့ သူတွေက မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို သုံးစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်လုပ်ပိုင်ခွင့်ကို ကိုယ်သုံးမှ ထိန်းသိမ်းထားနိုင်မှာပါ။ ကျမတို့ ပြည်သူတွေက မဲပြားတွေနဲ့ ကိုယ်လိုချင်တဲ့ အစိုးရဖြစ်အောင် လုပ်ရမယ်” ဟု ပြောသည်။
မဲပေးခြင်းသည် မိမိရွေးချယ်လိုက်သော ကိုယ်စားလှယ်ကို မိမိလုပ်စေချင်သည့် ကိစ္စများအတွက် တာဝန်အပ်နှင်းခြင်း ဖြစ်ကြောင်း၊ မဲရသူကလည်း အာဏာရခြင်းမဟုတ်ဘဲ တာဝန်တခုရသည်ဟု စိတ်ထဲတွင် ထားရန်လိုကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယခုအချိန်တွင် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ပြည်သူများအကြား နားလည်မှုနှင့် ညီညွတ်ရေးရှိရန် လိုအပ်ကြောင်း၊ မိမိဒေသ၊ မြို့နယ်ဆိုသော အမြင်ဖြင့် မကြည့်ဘဲ မြန်မာနိုင်ငံတနိုင်ငံလုံး အတိုင်းအတာအတွက် စဉ်းစား အလုပ်လုပ်ရမည် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
“ကျမပြောချင်တာက သွားရမယ့် ခရီးက အရှည်ကြီးပဲ ရှိသေးတယ်။ နောက် လုပ်စရာကိစ္စတွေ အများကြီးရှိ သေးတယ်။ ပြီးတော့ ဒီမနက်နဲ့ မပြီးဘူး။ တရက်နဲ့ ပြီးမှာ မဟုတ်ပါဘူး။ တလနဲ့ပြီးမှာလည်း မဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ ကျမတို့ လိုချင်တဲ့ နိုင်ငံတခုကို တည်ဆောက်ဖို့ လိုမှာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ အလုပ်လုပ်ဖို့ အားတွေကို စုဆောင်းထားကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်လာသော ပရိသတ်များကို ပြောသည်။
ဇန်နဝါရီလ ၉ ရက်နေ့က NLD ၏ ဦးဆောင်မှုပုံစံ အပြောင်းအလဲလုပ်ခဲ့ရာ ဦးတင်ဦး၊ ဦးဝင်းတင် အပါအဝင် ၅ ဦးက သဘာပတိအဖွဲ့ ဖြစ်လာပြီး ဒေါ်အောင်ဆန်းစုကြည်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌနှင့် ဦးဉာဏ်ဝင်း၊ ဒေါက်တာ မေဝင်းမြင့် အပါအဝင် ကျန် ၆ ဦးက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ ဖြစ်လာသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲဆန္ဒနယ် ၄၈ နေရာစလုံး၌ NLD က ဝင်ပြိုင်မည်ဟု သိရသည်။