ကျောက်စိမ်းထွက်သည့် ဖားကန့်ဒေသတွင် ယခုတပတ်အတွင်း စစ်ရေး တင်းမာမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်ပြီး ထွက်ပြေး တိမ်းရှောင်နေကြောင်းသိရသည်။

ဖားကန့်မြို့နယ် အတွင်းရှိ ဒေသခံများကို သတိဖြင့် သွားလာရန် တိုက်တွန်းထားသည်ဟု ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) တွဲဘက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။
“တိုက်ပွဲတွေကတော့ ဖြစ်လာမယ့် အရိပ်အရောင် တွေ့လာတယ်။ စစ်တပ်ကလည်း တပ်ရင်းတွေ အလုံး အရင်းနဲ့ တက်လာတယ် ဆိုတော့ ဖြတ်သွားဖြတ်လာတဲ့ လူတွေကနေပြီးတော့ တိုက်ပွဲ ဖြစ်လာနိုင်တယ်၊ မသွားလာတာ ကောင်းပါတယ် ပုံစံမျိုးနဲ့ အချင်းချင်း သတိပေးရင်းနဲ့ ဖြစ်သွားတဲ့ သဘောပါပဲ” ဟု ၎င်းက ဆိုသည်။
တိမ်းရှောင်နေသော ဒေသခံ အရေအတွက်ကို မခန့်မှန်းနိုင်သေးပေ။
“ဖားကန့်နဲ့ ကာမိုင်း ကားလမ်းမပေါ်မှာ ထမင်းဆိုင်တွေ ဖွင့်ပြီးတော့ နေတဲ့ လူတွေက အဓိက မြန်မာပြည် အနှံ့က စီးပွားရေး လုပ်ကိုင် စားသောက်တဲ့ လူတွေ များတယ်၊ စစ်ပြေး ဒုက္ခသည် အဖြစ် အသွင် ပြောင်းသွားနိုင်တယ်” ဟု ဦးလနန်က ပြောသည်။
ဖားကန့်နှင့် နီးသည့် လုံးခင်း မြို့နယ်တွင်လည်း လုပ်ငန်းရှင် နှင့် အလုပ်သမားတချို့ နေရပ်ပြန်နေကြောင်း ဒေသခံတဦးက ပြောသည်။
ကချင်လက်နက်ကိုင်များနှင့် အစိုးရတပ်များ ၇ လကြာ အဆက်မပြတ် တိုက်ခိုက်နေကြသဖြင့် ဒေသခံ ထောင်ပေါင်းများစွာ ရပ်ရွာစွန့်ပြီး တိမ်းရှောင်နေကြသည်။
ကချင်ဒေသတွင် ထိုးစစ်ဆင်ခြင်း မပြုရန် သမ္မတ ဦးသိန်းစိန်၏ ဒီဇင်ဘာလညွှန်ကြားချက်ကို စစ်တပ်က လိုက်နာခြင်း မရှိကြောင်း တွေ့ရသည်။
ယမန်နေ့က ၆၄ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ ဖြစ်သော်လည်း မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်းတွင် အစိုးရက အခမ်းအနား ပြုလုပ်ခြင်း မရှိကြောင်း၊ ဒေသ တည်ငြိမ်မှု မရှိသောကြောင့် ဖြစ်နိုင်ကြောင်း မြစ်ကြီးနားမြို့ခံတဦးက သုံးသပ်သည်။