အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်ကိုရွေးချယ်ထားသဖြင့် ထိုဒေသရှိ ပြည်သူများ၊ နိုင်ငံရေးသမားများက ဂုဏ်ယူ ဝမ်းသာနေကြသည်။
“ကျနော်ကတော့ ပျော်ရွှင်ပြီးတော့ ကောင်းကင်မှာ လွင့်နေသလိုတောင် အောင့်မေ့တယ်ဗျ၊ လူတွေကလည်း တခဲနက် ထောက်ခံနေကြတယ်” ဟု NLD ၏ ကော့မှူးမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ တာဝန်ခံ ဦးအေးသိန်းက ပြောသည်။
ယနေ့ နံနက်ပိုင်းက မြို့ကုန်း၊ တရုတ်ကုန်း၊ ဆားပန်းကန် ကျေးရွာ ၃ ခုသို့ သွားရောက်ပြီး ဒေသခံများနှင့် သွားရောက် ဆွေးနွေးရာ ဒေသခံများ အလွန် စိတ်အားထက်သန်နေကြကြောင်း သူက ဆက်ပြောသည်။
ယခုအခါ ရွာပေါင်း ၈ ရွာ ခန့်ကို ရောက်ရှိပြီးဖြစ်ကြောင်း၊ ယခုလ တတိယပတ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကော့မှူးသို့ လာရောက်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဦးအေးသိန်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မဲဆန္ဒနယ်မြေအတွက် ဦးဆောင် လှုပ်ရှားသူများထဲတွင် လယ်သမားအရေး ဆောင်ရွက်သူ ကော့မှူးဒေသခံ မစုစုနွေးလည်း ပါဝင်သည်။
“အမေစုအတွက် ကျမတို့ ကော့မှူးမြို့နယ်က နယ်တွေ ဆင်းပြီး ရပ်ကွက်/ကျေးရွာ အောင်နိုင်ရေး အဖွဲ့တွေနဲ့ တွေ့နေတာ။ ဒေသခံတွေက အရမ်းကို ဝမ်းသာ ဂုဏ်ယူနေကြတယ်” ဟု မစုစုနွေးက ဧရာဝတီကို ပြောသည်။
“အခုလို ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုး ကျနော်တို့ မြို့နယ်က ဝင်ပြိုင်မယ် ဆိုတော့ အလွန် ဝမ်းသာ ဂုဏ်ယူတာပေါ့ဗျာ။ အခုလို လက်တွဲလုပ်တာကို မျှော်လင့်နေတာ၊ အကောင်းဆုံး ဖြစ်မယ်လို့ မျှော်လင့်တယ်” ဟု ဆားပန်းကန်ကျေးရွာမှ NLD ပါတီဝင် မဟုတ်သော ဒေသခံ တဦးဖြစ်သူ ဦးမြင့်အောင်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် … အောင်ရမည်၊ အောင်ရမည်” ဟု ဆားပန်းကန်မှ ရွာသူ၊ ရွာသားများက ကြွေးကြော်နေကြသည်ဟု ဆိုသည်။
ကော့မှူးတွင် မဲဆွယ်စဉ် အာဏာပိုင်များက သတင်း မှတ်တမ်း ယူသော်လည်း တားဆီးနှောင့်ယှက်ခြင်း မရှိဟု သိရသည်။
ရန်ကုန်မြို့မှ မိုင် ၆၀ ခန့် အကွာအဝေးတွင် ရှိသည့် ကော့မှူးတွင် မဲဆန္ဒနယ် တခုသာရှိပြီး ယခု ကြားဖြတ် ရွေးကောက်ပွဲတွင် မဲထည့်နိုင်သူ အရေအတွက် ရှစ်သောင်း ကျော်ရှိသည်။
ကော့မှူးတွင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပစဉ် ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီ နှင့် တခြား ပါတီ ၃ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကလည်း ကော့မှူးတွင် စည်းရုံးရေးဆင်းနေပြီး ကိုယ်စားလှယ်လောင်းအမည်ကို မသိရသေးပေ။
“ကြံ့ခိုင်ဖွံံ့ဖြိုးရေးပါတီကတော့ အရင်တုန်းကလို ဘိလပ်မြေလေးပေး၊ လမ်းလေးဖောက် လုပ်ပေးပြီး သူတို့က လှုပ်ရှားနေတယ်” ဟု ကော့မှူး NLD မှ ဦးအေးသိန်းက ဆိုသည်။
ဒေသခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်များလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမဲပေးမည့် လက္ခဏာများ ရှိနေကြောင်း၊ မသမာမှုများ ကင်းစင်ပြီး တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ် လာမည်ဟု မျှော်လင့်ကြောင်း ဦးအေးသိန်းက ဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်က ကျိန်းသေပေါက် နိုင်မှာပါခင်ဗျ၊ ကြံ့ခိုင်ရေးပါတီဝင်တွေကလည်း သူတို့ ပါတီကို သိပ်ကြိုက်တော့တာ မဟုတ်ဘူးခင်ဗျ” ဟု သူက ဆက်ပြောသည်။
မဲဆန္ဒနယ် ၄၈ နေရာအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီအား ကိုယ်စားပြုပြီး ဝင်ရောက် ယှဉ်ပြိုင်သူစာရင်းကို ကြာသပတေးနေ့ NLD ပါတီ အစည်းအဝေးတွင် အပြီးသတ် ရွေးချယ်မည်ဟု ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။