ကြားဖြတ်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းတချို့၏ အမည်စာရင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ထုတ်ပြန်ရာ ပါတီနှင့်နီးစပ်သူ ၃ ဦး ပါဝင်နေသည်ကို တွေ့ရသည်။
ထို ၃ ဦး မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဖြိုးမင်းသိန်း၊ ပြီးခဲ့သည့်တနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် ကူညီခဲ့သူ ဒေါ်စုစုလွင်၊ စိုက်ပျိုးရေးပညာရှင် ဦးစိန်ဝင်းဟန်တို့ ဖြစ်သည်။
“ကြားဖြတ်ရွေးကောက်ပွဲမှာ ၄၈ နေရာစလုံး အနိုင်ရချင်တယ်၊ ဒါကြောင့် နိုင်ခြေရှိပြီး အလားအလာ ကောင်းသူတွေကို ရွေးထားတာ” ဟု ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။
ဒေါ်စုစုလွင်သည် မကြာသေးမီက ကွယ်လွန်သွားသူ NLD ခေါင်းဆောင်ဟောင်း ဦးလွင်၏ သမီး ဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဖခင်ဖြစ်သူ အနိုင်ရခဲ့သည့် ရန်ကုန်တိုင်း သုံးခွမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ပြိုင်ရန် စီစဉ်ထားသည်။
NLD ကို ဝန်းရံသူ ကိုဖြိုးမင်းသိန်းက လှည်းကူးမြို့နယ် မဲဆန္ဒနယ်၊ NLD တွင် မြေယာကဏ္ဍ ပညာပေးဟောပြောခဲ့သူ ဦးစိန်ဝင်းဟန်က မအူပင်မြို့နယ်တွင် ဝင်ပြိုင်ကြမည် ဖြစ်သည်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။
ဒေါက်တာဒေါ်မေဝင်းမြင့်၊ လူငယ်ခေါင်းဆောင်များ ဖြစ်သည့် မဖြူဖြူသင်း၊ ကိုသိမ်းဆွေတို့ကိုလည်း ယနေ့ ထုတ်ပြန်သည့် ကိုယ်စားလှယ်လောင်းစာရင်းတွင် တွေ့ရသည်။
ကိုဖြိုးမင်းသိန်းက လူငယ် မျိုးဆက်များကို ရွေးချယ်ခြင်း အတွက် ဝမ်းသာကြောင်း၊ ဒီမိုကရေစီ အရေးကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း၊ မကြာခင် လှည်းကူးမြို့သို့ သွားရောက် မဲဆွယ်မည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
NLD ၏ ယနေ့ထုတ်ပြန်ချက်မှာ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ ရှမ်း၊ မွန်၊ မန္တလေး စသည့် ဒေသများရှိ လစ်လပ်နေသည့် မဲဆန္ဒနယ် ၂၂ ခု အတွက် ကိုယ်စားလှယ်လောင်းစာရင်းဖြစ်ပြီး ကျန် ၂၆ နေရာအတွက် အမည်စာရင်းကို မကြာမီ ထုတ်ပြန်မည်ဟု NLD က ပြောသည်။
ကိုယ်စားလှယ်လောင်းများမှာ ဒေသတွင်းရှိ ပြည်သူများ နှစ်သက်သူ ပါတီဝင်များက ရွေးချယ်ထားသူများဖြစ်ကြောင်း၊ ပညာအရည်အချင်းရှိပြီး နိုင်ငံရေး လူမှုရေး အတွေ့အကြုံ ရှိသူများ ဖြစ်ကြောင်း၊ ဒီမိုကရေစီလှုပ်ရှားမှုကို သစ္စာစောင့်သိသူများ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများ၊ လူငယ်များကို ဦးစားပေး ရွေးချယ်ကြကြောင်း သိရသည်။
ယခုရွေးချယ်မှုကို အောက်ခြေနှင့် ဗဟိုခေါင်းဆောင်ပိုင်းတို့ ပါတီတွင်း ညှိနှိုင်းပြီး ရွေးချယ်ထားခြင်းဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည် ၁၉၉၀ ရွေးကောက်ပွဲအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ဗဟိုနှင့် အောက်ခြေ ပါတီဝင်ထု အကြား သဘော ကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲကို ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
ဆက်စပ်သတင်း
NLD ဆုံးဖြတ်ချက်ကို ထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည် ပြော