အမေရိကန် ပြည်ထောင်စု အောက်လွှတ်တော် အမတ် မစ္စတာ ဂျိုး ခရိုလီနှင့် အဖွဲ့သည် ယနေ့ ညနေ ၄ နာရီက နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တချို့နှင့် ရန်ကုန်တွင်တွေ့ဆုံခဲ့သည်။
နှစ်ရှည် ထောင်ဒဏ်ကျခံနေရ သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များဖြစ်သည့် ကိုပြုံးချို၊ ကိုမြအေး၊ ကိုမင်းဇေယျ၊ မမီးမီး (ခ) မသင်းသင်းအောင်၊ ကိုဒီငြိမ်းလင်း၊ ကိုစည်သူဇေယျ အစရှိသည်တို့၏ မိသားစုဝင်များနှင့် အတူ ရန်ကုန်မြို့က နိုင်ငံရေး အကျဉ်းသားဟောင်း ရှေ့နေ ဦးအောင်သိန်း အပါအဝင် စုစုပေါင်း ၁၂ ဦးတို့အား မစ္စတာ ခရိုလီနှင့်အဖွဲ့က ရန်ကုန်မြို့ အမှတ် ၁၄ တော်ဝင်လမ်းရှိ အမေရိကန် စင်တာ၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ ၁ နာရီကျော် တွေ့ကြတယ်။ အဓိကသူက တရားဥပဒေ ကိစ္စတွေမေးတာဆွေးနွေးဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားကိစ္စတွေ လွတ်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရဖို့ ကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးတယ်” ဟု ရှေ့နေ ဦးအောင်သိန်းက ဧရာဝတီသို့ ပြောသည်။
အကျဉ်းကျ ၈၈ မျိုးဆက်ကျောင်းသားများ၏ မိသားစုဝင်များကလည်း လွတ်ငြိမ်းချမ်းသာရေးကိစ္စ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ကိစ္စ၊ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ ထောင်ဝင်စာ သွားရောက်တွေ့နေ ရသည့် ဒုက္ခများကို ဆွေးနွေးပြောဆိုခဲ့ကြောင်း ဒီငြိမ်းလင်း၏ မိခင် ဒေါ်ဌေးဌေးဝင်းက ဆိုသည်။
ဒီမိုကရေစီ နိုင်ငံထူထောင်ရာတွင် အတူပူးပေါင်း လက်တွဲ လုပ်ဆောင်နိုင်ရန်အတွက် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံး လွှတ်ပေးရေးသည် အရေးကြီးကြောင်း မစ္စတာ ခရိုလီက ပြောခဲ့သည်ဟု ဆွေးနွေးပွဲတွင် ပါဝင်သူများက ပြောသည်။
နိုင်ငံရေး အကျဉ်းသား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် ၎င်းတို့ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရေး၊ တရားရင်ဆိုင်ရပုံ၊ ထောင်တွင်း နေထိုင်ရသည့် ပုံစံ စသည်တို့ကို ဥပဒေရှုဒေါင့်မှ အသေးစိတ် မေးမြန်းဆွေးနွေးခဲ့ကြသည်ဟု ဦးအောင်သိန်းက ဆိုသည်။
“သူကတော့ ထိတွေ့ ဆက်ဆံမှုကို လုပ်နေတာပဲဗျ။ ဘယ်လောက်အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာ လောလောဆယ် ပြောလို့မရသေးဘူး။ အမေရိကန်အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ ထိတွေ့ဆက်ဆံလာ တာ ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လောက်အထိ ထဲထဲဝင်ဝင် ပြုပြင်ပြောင်းလဲရေးတွေကို တွန်းအားပေးနိုင်မလဲ ဆိုတာတော့ ကျနော်တို့ ပြောလို့မရပါဘူး” ဟု ဦးအောင်သိန်းက ဆက်ပြောသည်။
မစ္စတာ ခရိုလီနှင့်အတူ ရန်ကုန်ရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူတချို့လည်းပါဝင်းကြောင်း၊ ယခုကဲ့သို့ နွေးထွေးစွာ တွေ့ဆုံ ပြောဆိုခဲ့ရသည်ကို အားရကျေနပ် ကြကြောင်း ဆွေးနွေးပွဲတွင်ပါဝင်ခဲ့သူများထံမှ သိရသည်။
မစ္စတာ ဂျိုး ခရိုလီသည် ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်ကာ ၂ ရက်တာ ခရီး အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
ယနေ့ညနေ မြန်မာ့ရုပ်မြင်သံကြား၏ ၆ နာရီသတင်းတွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၆၅၁ ဦးကို မနက်ဖြန် ဇန်နဝါရီ ၁၃ ရက်နေ့မှ စတင်လွှတ်ပေးမည်ဟု ကြေညာခဲ့သည်။ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား မည်မျှ ပါဝင်မည်ကို မသိရသေးပေ။