၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မနီလာသိန်း အပါအဝင် တခြားသော ကျောင်းသား ခေါင်းဆောင်များလွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ ယနေ့ လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

သရက်ထောင်တွင် အကျဉ်းကျခံနေရသည့် ကိုမင်းကိုနိုင်အား လွှတ်ပေးမည်ဖြစ်ကြောင်း မိသားစုဝင်များထံ ထောင်အာဏာ ပိုင်များက ယနေ့နံနက် ၇ နာရီ ၁၅မိနစ်က အကြောင်းကြားသည့်အတွက် သွားရောက်ကြိုဆိုနေပြီဟု အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ဧရာဝတီသို့ ပြောသည်။
“ညီမတွေနဲ့ သူငယ်ချင်းတွေ သွားကြိုနေကြပြီ။ မနက် ၈နာရီခွဲမှာ လွတ်မယ်။ ဒီတခါတော့ တကယ်လွတ်တယ်လို့ပြောရမှာပါ” ဟု ဆိုသည်။
ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ထောင်မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးအပါအဝင် ၁၄ ဦး ယနေ့လွတ်မြောက် လာကြောင်း မိုင်းဆတ်ထောင်ပိုင်ကြီးမှ ပြောသည်။
ရခိုင်ပြည်နယ် ဘူးသီးထောင်အကျဉ်းထောင်၌ အကျဉ်းကျခံနေရသည့် ကိုဌေးကြွယ်အပါအဝင် တခြားသော နိုင်ငံရေးအကျဉ်းသား ၁၀ ဦး နှင့် စစ်ထောက်လှမ်းရေးများ အပါဝင် ၃၁ ဦးအား ယနေ့နံနက် ၈ နာရီခန့်တွင် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ ရေယာဉ်ဖြင့် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ယောက်ဖတော်စပ်သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဖြိုးမင်းသိန်းက ပြောသည်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးထောင်တွင် ထောင်ဒဏ်ကျခံနေရသည့် ကိုမင်းဇေယျာသည်လည်း ပြန်လည် လွတ်မြောက်လာကြောင်း၊ ယနေ့နံနက် ၁၂ နာရီခန့်တွင် ကားဖြင့် ရန်ကုန်မြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း ဇနီးဖြစ်သူ မချိုချိုဝင်းက ပြောသည်။
“ကိုဇေယျနဲ့ ဖုံးပြောလိုက်ရတယ်၊ ပျော်တယ်ဆိုတာထက် စိတ်ချမ်းသာတာပါ” ဟု မချိုချိုဝင်းက ဆိုသည်။
လာရှိုးထောင်မှ နိုင်ငံရေးအကျဉ်းသားအပါအဝင် ၁၀ ဦးလွတ်မြောက်ကြောင်း သိရသည်။
တခြားသော ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုဂျင်မီ၊ ကိုမြအေး၊ ဧရာဝတီတိုင်း မြောင်းမြထောင်တွင် အကျဉ်းကျခံနေရ သည့် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံဃာတပါးဖြစ်သည့် အရှင်ဂမ္ဘီရ၊ တောင်ငူထောင်မှ ရှမ်းတိုင်းရင်းသားခေါင်း ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဇော်ဇော်မင်းနှင့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးကြီး ဝင်းမြင့် အပါအဝင် ၂၄ ဦး လွတ်မြာက်ကြောင်း သတင်းရရှိသည်။
သာယာဝတီထောင်မှ မနီလာသိန်းနှင့် မကြည်ကြည်ဝါတို့လည်း လွတ်မြောက်လာသည်။
မနီလာသိန်းက “အပြည့်အဝတော့ မပျော်နိုင်သေးဘူး။ ရဲဘော်တွေလည်း ကျန်တဲ့သူကျန်သေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အပြင် မိသားစုနှင့် တွေ့ရမည်ကို ဝမ်းသာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နေသည့် နိုင်ငံရေးလုပ်ငန်းစဉ်များကို အားဖြည်ရန် စဉ်းစားထားကြောင်း မနီလာသိန်းက ဆက်လက်ပြောသည်။
သရက်ထောင်မှ ထောက်လှမ်းရေးများလည်း လွတ်မြောက်လာရာ ဗိုလ်မှူးကြီး စန်းပွင့်လည်း ပါဝင်ကြောင်း စုစုပေါင်း ၂၇ ဦး လွတ်မြာက်လာကြောင်း သတင်းရသည်။
အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရစေရန်ဟုဆိုကာ သမ္မတဦးသိန်းစိန် အစိုးရက အကျဉ်းသူ အကျဉ်းသား ၆၅၁ ဦးကို ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ယမန်နေ့က ကြေညာခဲ့သည်။