လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို အာဏာပိုင်တို့က လွတ်လပ် မျှတစွာ ကျင်းပပေးဖွယ်ရှိသည်ဟု နိုင်ငံရေးပါတီ အများအပြားက ယူဆနေကြသည်။
“ကျနော်တို့ နိုင်ငံရေးပါတီတွေရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးနဲ့ တွေ့ကြတော့ သူက ကတိတွေ ပေးထားတယ်။ လွတ်လပ်ပြီး တရားမျှတ စေရမယ်လို့ ပြောထားတဲ့ အတွက်ကြောင့်ပါ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲမှ အတွေ့အကြုံများကို ယူ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို ဥပဒေနှင့်အညီ တိကျရဲဝံ့စွာ ဘက်မလိုက်ဘဲ လုပ်ဆောင်ကြရန် ဦးတင်အေးက ကော်မရှင် အဖွဲ့ဝင်များအား ပြောဆိုခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ရေးသားထားသည်။
၂၀၁၀ ရွေးကောက်ပွဲအတွင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ၊ ဒေသခံအာဏာပိုင်များက ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့များတွင် ပါဝင်ပတ်သက်မှု ရှိခဲ့ပြီး ရွေးကောက်ပွဲ မသမာမှုသတင်း အများအပြား ထွက်ပေါ်ခဲ့သည်။
ကော်မရှင် ဥက္ကဋ္ဌနှင့် မကြာသေးမီက တွေ့ဆုံစဉ် တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ပေါ်ရေးအတွက် ပြောဆိုခဲ့သည်ဟု ဦးသုဝေက ပြောသည်။
“အောက်ခြေအဆင့် ကော်မရှင်အဖွဲ့ဝင်တွေကို နိုင်ငံရေး ပါတီဝင်တွေ မဖြစ်စေဖို့ ဦးတင်အေးကို အကြံပြုခဲ့ပေမယ့် ဘာမှတော့ ပြောင်းလဲတဲ့ အနေအထား မတွေ့ရသေးဘူး။ ဦးတင်အေး ကိုယ်တိုင်တော့ ကြံ့ခိုင်ရေး ပါတီဝင် မဟုတ်တော့ဘူး ဆိုတာပဲ ပြောတယ်” ဟု ဦးသုဝေ က ဆိုသည်။
ဦးသုဝေသည် ၂၀၁၀ ရွေးကောက်ပွဲနေ့တွင် မဲအများဆုံး ရခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်တနေ့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သော ကြေညာချက်တွင် ကြံ့ခိုင်ရေးပါတီမှ ဝန်ကြီး ဦးအောင်ကြည်က ကြိုတင်မဲများဖြင့် အနိုင်ရခဲ့ကြောင်း ဖော်ပြထားသည်။
ဗိုလ်ချုပ်ဟောင်းများဖြစ်သော ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်းများ ကြိုတင်မဲအများအပြား ရရှိပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြသည်။
ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်မည့် ပါတီများသည် ၂၀၁၀ ရွေးကောက်ပွဲ၌ ၈၀ ရာခိုင်နှှုန်းနီးပါး အနိုင်ရထားသည့် ကြံ့ခိုင်ရေး အပြင် NLD နှင့်လည်း အကြိတ်အနယ် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
“NLD ပါတီကလည်း လူကောင်းတွေပဲ။ ကျနော်တို့ပါတီကလည်းပဲ လူကောင်းတွေ ဆိုတော့ ပြည်သူတွေက ကြိုက်တဲ့သူရွေးမှာပါ။ ဒီမိုကရေစီ သဘောအရ နိုင်နိုင် မနိုင်နိုင် ပြိုင်ကြရမှာပေါ့” ဟု ဦးသုဝေက ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် ကြားဖြတ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတလိမ့်မည်ဟု ယုံကြည်ထားပြီး မဲဆွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင် က ပြောသည်။
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရန်ကုန်တိုင်း၊ ကော့မှူး မဲဆန္ဒနယ်တွင် “ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD နိုင်ရမည်၊ နိုင်ရမည်” ဟူသော ကြွေးကြော်သံများဖြင့် စည်းရုံးရေး ဆင်းနေပြီး ဒေသခံပြည်သူများက မဲပေးရန် စိတ်အား ထက်သန်နေကြသည်ဟု ကော့မှူးမြို့နယ် NLD စည်းရုံးရေးမှူး ဦးအေးသိန်းက ဆိုသည်။
ကြံ့ခိုင်ရေးပါတီကလည်း ကော့မှူးတွင် မဲဆွယ်မှု စတင်နေပြီဟု ဒေသခံ တချို့က ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်နေရာ ၄၈ နေရာရှိရာ ကြံ့ခိုင်ရေး နှင့် NLD တို့က မဲဆန္ဒနယ် အားလုံး၌ ဝင်ပြိုင်ကြမည် ဖြစ်သည်။
အာဏာရှင်ခေတ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမည်ပြောင်းထားသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) က နေရာ ၂၀ သာ ဝင်ပြိုင်မည်ဟု ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲ၌ တတိယအများဆုံး အနိုင်ရခဲ့သည့် တိုင်းရင်းသားပါတီ ဖြစ်သည့် ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရစ်တစ်ပါတီ (SNDP) က ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ် မျှတသည့် အခြေအနေများ ပေါ်ပေါက်လာမည်ဟု ယူဆထားပြီး မဲဆန္ဒနယ် ၃ နေရာတွင် ဝင်ပြိုင်မည်ဟု သိရသည်။
“NLD ရယ်၊ ကြံ့ခိုင်ရေးတို့နဲ့ ပြိုင်ရပေမယ့် ၃ နေရာ စလုံးက ကျနော်တို့ ပါတီကပဲ နိုင်မှာပါ၊ နိုင်မယ့်နေရာတွေပဲ ရွေးပြီးတော့ ဝင်ပြိုင်မယ်။ အမျိုးသားရေး မျိုးချစ်စိတ်ဓာတ်အရ နိုင်ကိုယ် နိုင်မှာပါ” ဟု ပါတီအတွင်းရေးမှူး ဦးစောသန်းမြင့်က ပြောသည်။
၂၀၁၀ တွင် ရွေးကောက်ပွဲမှုများ ရှိခဲ့သည့်တိုင် ကျားဖြူပါတီက အနိုင်ရခဲ့ကြောင်း၊ ယခုတကြိမ်တွင်လည်း မဲဆွယ်စည်းရုံးမှုများ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၍ အောင်မြင်မှုရရန် သေချာနေပြီ ဖြစ်ကြောင်း၊ ၂၀၁၀ အတွင်း ဖြစ်ပေါ်ခဲ့သည့် မဲမသာမှုများအား မိတ်ဆွေပါတီများနှင့် ပူးပေါင်းစာတမ်းပြုစု၍ ဥက္ကဋ္ဌ ဦးတင်အေးထံ တင်ပြထားပြီး ဖြစ်ကြောင်း ဦးစောသန်းမြင့်က ဆိုသည်။
နိုင်ငံရေးပါတီ အများအပြားက ရွေးကောက်ပွဲ ကော်မရှင်၏ အနေအထားကို လေ့လာနေသည်ဟု ဧရာဝတီကို ပြောသည်။
“ဦးတင်အေးက ကတိတွေ ပေးနေပေမယ့် ဟုတ်မဟုတ် စောင့်ကြည်ရဦးမှာပေါ့၊ ကော်မရှင် အဖွဲ့ဝင် အဆင့်ဆင့်တွေ အပြောင်းအလဲ မလုပ်သေးသမျှပေါ့” ဟု ဦးသုဝေ က ဆိုသည်။