ယနေ့လွတ်မြောက်လာသည့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်က ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ရပ်
အား ကြိုဆိုကြောင်း ပြောဆိုလိုက်သည်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေကိုလည်း ကြိုဆိုပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်သွားလို့ရှိ ရင်လည်း ပြောနိုင်ဆိုနိုင်၊ ပြောရဲဆိုရဲတဲ့သူ တယောက်ဖြစ်တဲ့အတွက် ဒီထက်ပိုပြီး ကောင်းမွန်လာမှာပါ” ဟု ဗိုလ်ချုပ်ကြီး
ဟောင်း ဦးခင်ညွန့်က ၎င်း၏နေအိမ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ယခုလက်ရှိ နိုင်ငံရေးအခြေအနေမှာ ကောင်းမွန်သည်ဟု မြင်သော်လည်း အသေးစိတ် လေ့လာ ကြည့်ရဦးမည်ဖြစ်ကြောင်း၊ လမ်းပြမြေပုံ ၇ ချက် ပြီးသွားပြီ ဖြစ်သောကြောင့် တိုင်းပြည်အတွက် လုပ်စရာရှိသည်များကို ဆက်လက် အကောင်အထည် ဖော်ရန် လိုကြောင်း သူက ပြောသည်။
“သမ္မတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြတယ်ဆိုတာ သိပ်ကောင်းတဲ့ လက္ခဏာပဲ။ နောက်ပြီး နိုင်ငံတကာကနေ လာကြတယ်ဆိုတာလည်း သိပ်ကောင်းပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ် ကောင်းရာ ကောင်းကျိုးအတွက်၊ တိုင်းပြည် တိုးတက်မယ် လို့ပဲ မြင်ပါတယ်” ဟု ဦးခင်ညွန့်က ဆိုသည်။
ဆက်လက်၍ ၎င်းက ရှေ့ဆက် လုပ်ဆောင်ရန် ကိစ္စများကို မစဉ်းစားသေးကြောင်း၊ အပြင်လောက ပတ်ဝန်းကျင်နှင့်လည်း အဆက်အသွယ် မရှိသေးကြောင်း၊ အပြင်ကို လေ့လာပြီးမှ ဆုံးဖြတ်မည်ဖြစ်သော်လည်း နိုင်ငံရေးလုပ်ရန် အစီအစဉ် မရှိကြောင်း၊ တိုင်းပြည် ကောင်းရာကောင်းကျိုး၊ ပြည်သူလူထု ကောင်းရာ ကောင်းကျိုး ကိစ္စများသာ လုပ်ဆောင်မည် ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ မိသားစု စားဝတ်နေရေးအတွက် စီစဉ်လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်းလည်း ပြောသည်။
“မီဒီယာတွေ လွတ်လပ်ခွင့် ဒီထက်ပိုရရင် ကောင်းမယ်။ အဲဒါမှ တိုင်းပြည် ကောင်းရာကောင်းကျိုးအတွက် ပြောချင်ရင် မီဒီယာကနေ တဆင့်ပြောမယ်” ဟု သူက ဆိုသည်။
ယခင် နအဖ စစ်အစိုးရ လက်ထက် နိုင်ငံတော် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် မိသားစု ဝင်များမှာ ယနေ့တွင် နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်ခဲ့ကြခြင်း ဖြစ်သည်။
“ဦးခင်ညွန့်နဲ့ ဇနီး၊ သားမက်၊ သားတွေနဲ့ ထောက်လှမ်းရေးအဖွဲ့ တချို့လွတ်မြောက်ကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့ အတွက်လည်း အများကြီး ဝမ်းသာပါတယ်” ဟု ဦးခင်ညွန့်၏ ယောက်ဖ တော်စပ်သူ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ဧရာဝတီကို ပြောသည်။
ဦးခင်ညွန့်နှင့်အတူ ပြန်လည်လွတ်မြောက်လာကြသည့် ထောက်လှမ်းရေးအဖွဲ့ဝင်တချို့မှာ အာဏာအလွဲသုံးစား မှုဖြင့် သရက်ထောင်တွင် အနှစ် ၄၀ ကျော် ထောင်ဒဏ်ကျခံနေရသော ထောက်လှမ်းရေး ဗိုလ်မှူးကြီးဟောင်း ဦးစန်းပွင့်၊ ရွှေဘိုထောင်မှ ဗိုလ်မှူးချုပ်ဟောင်း ဦးခင်အောင်နှင့် ထောက်လှမ်းရေး အဖွဲ့ဝင် အများစုပါဝင်ကြောင်း သိရသည်။ လွတ်မြောက်လာသူများအထဲတွင် ဒေါက်တာသန်းငြိမ်း၏ တူတော်စပ်သူ ထောက်လှမ်းရေး ဗိုလ်ကြီးဟောင်း တဦးနှင့် ထောက်လှမ်းရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဟောင်း ဦးမြင့်ဇော်လည်း ပါဝင်သည်။
“ဘာပဲပြောပြော ဦးခင်ညွန့်တို့ကိုလည်း နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့ရပါတယ်၊ ကျန်နေသေးတဲ့သူတွေကိုလည်း လွှတ်ပေး လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက် ပြောသည်။
ဦးခင်ညွန့် မိသားစုနှင့်တိုက်ရိုက် အဆက်အသွယ် မရသေးသော်လည်း မိသားစုဝင်များဖြစ်သည့်အတွက် တွေ့ဆုံရန် အစီ အစဉ် ရှိကြောင်း ဒေါက်တာ သန်းငြိမ်းက ဆိုသည်။ ၎င်းသည် ဦးခင်ညွန့်၏ ဇနီးဒေါ်ခင်ဝင်းရွှေ၏ အစ်ကိုဖြစ်သည်။
ယခု လွတ်မြောက်လာသည့် ကိစ္စနှင့် ပတ်သက်၍ မည်သူနှင့်မှ ညှိနှိုင်းထားခြင်း မရှိကြောင်း၊ သမ္မတက လွှတ်သင့် လွှတ်ထိုက် သူများကို လွှတ်လိုက်ခြင်းသာ ဖြစ်ကြောင်း ဦးခင်ညွန့်က ပြောသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်အား ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်နေ့က အဂတိလိုက်စားမှု အကြောင်းပြချက်ဖြင့် တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချခဲ့သည်။
ဦးခင်ညွန့်နှင့် စစ်ထောက်လှမ်းရေး အရာရှိ ၃၈ ဦးတို့သည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာ အလွဲသုံးစားလုပ်မှုတို့ဖြင့် ထောင် ဒဏ် ၂၀ နှစ်မှ ထောင်ဒဏ် ၁၆၀ နှစ်အထိ ချမှတ်ခံခဲ့ရပြီး တန်ပြန် ထောက်လှမ်းရေး တာဝန်ခံ ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း သည် ထောင်ဒဏ် နှစ်ပေါင်း ၁၆၀ ချမှတ်ခံခဲ့ရသည်။
ဦးခင်ညွန့်၏ သားသမက်ဖြစ်သူ ဦးတင်ထွဋ်သည် စီးပွားရေးပုဒ်မများဖြင့် ထောင်ဒဏ် ၁၄၈ နှစ် ကျော် ချမှတ်ခံထားရာမှ လွတ်မြောက်လာခြင်း ဖြစ်သည်။ ဦးခင်ညွန့်၏ သားဖြစ်သူ ဗိုလ်မှူးဟောင်း ဇော်နိုင်ဦးနှင့် ဦးရဲနိုင်ဝင်းတို့လည်း လွတ်မြောက် လာသည်ဟု သိရသည်။
လွတ်မြောက်လာချိန်တွင် ဦးခင်ညွန့်သည် အစိုးရက တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးသည်ကို ကြိုဆိုကြောင်း၊ တနိုင်ငံလုံးငြိမ်းချမ်းရေးကို လိုလားကြောင်း ပြောသည်။
“တိုင်းပြည် လွတ်လပ်ရေး ရပြီးကတည်းက ငြိမ်းချမ်းရေးက အဓိကပဲ။ တိုင်းပြည် အေးချမ်းမှသာလျှင် ဖွံ့ဖြိုးတိုးတက်မယ်။ စီးပွားရေးလည်း အဲဒီအပေါ်မှာ အခြေခံတာပဲ။ သိပ်ကောင်းပါတယ်။ အောင်မြင်မယ်လို့ ယူဆပါတယ်။ အောင်မြင်ပါစေ လို့လည်း ဆုတောင်း ပါတယ်” ဟု သူက ဆိုသည်။
ယမန်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ စတင်လွတ်မြောက်လာသူ များထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ အပြင် ထောက်လှမ်းရေး အဖွဲ့ဝင်ဟောင်းများနှင့် နိုင်ငံတော် ပုန်ကန်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေးများဖြစ်သည့် ဇွဲနေဝင်း၊ ကျော်နေဝင်းတို့လည်း ပါဝင်ကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက် ပူးပေါင်းရေးသားသည်။