နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်းသည် မည်သူ့တိုက်တွန်းမှုကြောင့်မှ မဟုတ်ဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်ထဲမှ လွှတ်ပေးခြင်းဖြစ်သည်ဟုပြည်ထဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်သည်။
လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ဇန်နဝါရီလ ၁၃ ရက်နေ့က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးခဲ့ခြင်းသည် မည်သည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များ၏ တိုက်တွန်းချက်မျှ မပါဘဲ သမ္မတ ဦးသိန်းစိန်၏ လုပ်ပိုင်ခွင့်ဖြစ်သော ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ လွှတ်ပေးခြင်းသာ ဖြစ်ကြောင်း နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနတွင် ယနေ့ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
“ပြည်တွင်း ပြည်ပက တောင်းဆိုလို့ လွှတ်ပေးတယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ပုဒ်မ ၄၀၁ ဆိုတာ တဦးတယောက်ချင်းကို ကြည့်ပြီး ပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပါ” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ဆိုသည်။
လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် စစ်ထောက်လှမ်းဟောင်းများကို နိုင်ငံရေးတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအား အနှောင့်အယှက် မပြုသူများဟု ယူဆသောကြောင့် လွှတ်ပေးခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့သော နိုင်ငံရေးအကျဉ်းသားစာရင်း ၆၀၄ ဦးပေါ်ကို အခြေခံကာ လွှတ်ပေးခြင်းဖြစ်ပြီး လက်ရှိ အကျဉ်းကျခံနေရသူ ၄၂၁ ဦး၊ အချုပ်သား ၉ ဦး ပေါင်း ၄၃၀ ဦးသာ ရှိကြောင်း ပြောကြားခဲ့သည်။ ယင်းတို့အနက် ၁၀၇ ဦးမှာ လွှတ်ငြိမ်းချမ်းသာခွင့်အသီးသီးနှင့် ရက်စေ့ကာ လွတ်မြောက်ခဲ့ပြီးဖြစ်ကြောင်း၊ ၁၃ ဦးအမည်ထပ်၊ ၅၁ ဦးမှာ အချက်အလက် မပြည့်စုံနှင့် သေဆုံးတဦးနှင့် သာသနာရေးဦးစီးဌာနသို့ လွှဲပြောင်းပေးသူ ၂ ဦးရှိကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
ကျန် ၁၂၈ ဦးမှာမူ ရာဇဝတ်ပြစ်မှုကြီးများကို ကျူးလွန်ထားသူများဖြစ်သဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်ဖြင့် အကျုံးမဝင်သောကြောင့် တရားဥပဒေစိုးမိုးရေးအလို့ငှာ ဆက်လက်ထိန်း သိမ်းထားကြောင်း သိရသည်။
ထို့အပြင် သောင်းကျန်းသူများနှင့် ဆက်သွယ်သူတချို့ကို လွှတ်ပေးခဲ့သော်လည်း ဗုံးခွဲရန်ကြံစည်သူများနှင့် ပြစ်မှုကြီးများ ကျူးလွန်ထားသူများ၊ ယမန်နှစ်က ရခိုင်နယ်စပ်တွင် တာလီဘန်နှင့် ဆက်သွယ်၊ ဖောက်ခွဲရေးသင်တန်းတက်သူ ၁၃ ဦး စသူတို့ကို ဆက်လက်ထိန်းသိမ်းထားသည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
ထို့အပြင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရက်ကြီးရက်မြတ်မှ မဟုတ်ဘဲ အခွင့်သင့်သည့်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသား စာရင်းများရှိပါက ပေးပို့ရန်နှင့် ပြည်ထဲရေးဝန်ကြီးဌာနက စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကလည်း သမ္မတဦးသိန်းစိန်နှင့် တိုင်တိုင်ပင်ပင် ပူးပေါင်း ဆောင်ရွက်နေကြောင်းလည်း ယင်းက ပြောသည်။
“ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားခေါ်ခေါ်၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူဆိုဆို မရှိပါဘူး။ နိုင်ငံရေးလုပ်လို့ ဖမ်းရမယ့် ဥပဒေလည်း မရှိပါဘူး။ နိုင်ငံတော်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးကို နှောင့်ယှက်သူတွေကိုသာ ဖမ်းဆီးထားတဲ့အတွက် ကျနော်တို့ဆီမှာ နိုင်ငံရေးအကျဉ်းသားရှိတယ်လို့ မဆိုနိုင်ပါဘူး” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
KNU မှ ဖဒိုမန်းငြိမ်းမောင်ကိုလည်း တရားဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ဒုတိယအဆင့်အနေဖြင့် လွှတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားမည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၀၄ တွင် နိုင်ငံတော်သမ္မတသည် (က) ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်၊ (ခ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်ဟု ဖော်ပြထားသည်။