သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် ဒီမိုကရေစီကို ယုံကြည်မြတ်နိုးလျှင် လက်တွဲ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကရန်ကုန်ပြည်သူများကို ပြောဆိုလိုက်သည်။

သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် သရက်ထောင်မှ ပြန်လည် လွတ်မြောက်လာသော ကိုမင်းကိုနိုင်က ဇန်နဝါရီလ ၁၄ ရက်နေ့ ညပိုင်း ရန်ကုန် မြောက်ဥက္ကလာပသို့ ရောက်ရှိလာစဉ် ရာပေါင်းများစွာသော ထောက်ခံကြိုဆို နှုတ်ဆက်သူများကို အထက်ပါအတိုင်းပြောဆို လိုက်ပြီး ဆက်လက်၍ ၎င်းက ဒီမိုကရေစီကို ယုံကြည်မြတ်နိုးသော မည်သည့် အဖွဲ့အစည်းနှင့် မဆို လက်တွဲဆောင်ရွက် သွားမည်ဟု ပြောသည်။
ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို ပြန်လည် အသက်သွင်းသူများအား ပြည်သူများနှင့် အတူ စည်းကမ်းရှိစွာ၊ သစ္စာရှိစွာ၊ ညီညွတ်စွာဖြင့် ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုကို ထပ်မံဖိနှိပ်၊ လိမ်လည် လှည့်ဖြားခြင်းများအား လက်ခံမည် မဟုတ်ကြောင်း ကိုမင်းကိုနိုင်က ဆိုသည်။
“အစစ်အမှန်ကို ခွဲခြားတတ်တဲ့ ဉာဏ်ပညာရှိတဲ့ ပြည်သူလူထုကြီးကို နောက်ထပ် လိမ်ညာဖိနှိပ်လို့ မရတော့ဘူး၊ လူထု အောင်ပွဲ ရရမယ်။ ထပ်ပြီးတော့ သစ္စာရှိရမယ်၊ စည်းကမ်းရှိရမယ်၊ ညီညွတ်ရမယ်။ ကျနော်တို့အားလုံး အဖွဲ့အစည်းတွေ
တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ၊ ဒီမိုကရေစီ စစ်စစ် မြတ်နိုးတဲ့သူတွေ၊ ယုံကြည်တဲ့သူတွေ အားလုံးလက်တွဲရမယ်။ ဒီမိုကရေစီကို တကယ်လိုလားရင်၊ ပြုပြင်ပြောင်းလဲရေးကို လိုလားရင် ဘယ်အဖွဲ့အစည်းပဲ ဖြစ်ဖြစ်၊ အာဏာပိုင် အဖွဲ့အစည်းတွေကအစ ဒီမိုကရေစီသမားမှန်ရင် လက်တွဲနိုင်ဖို့ ရင့်ကျက်မှုရှိရမယ်။ ဒီမိုကရေစီကို အော်ရုံသာ အော်ပြီးတော့ ဒီမိုကရေစီ တကယ်မမြတ်နိုးဘဲနဲ့ နောက်ပြန်ဆွဲမယ့် စနစ်ဆိုးကို အသက်သွင်းမယ့်သူတွေကို ဆန့်ကျင်မယ်။ ညီညွတ်တဲ့ ပြည်သူလူထုကြီးရဲ့ ရင်ထဲကို ခွပ်ဒေါင်း ကျောင်းသားတွေ ဒေါင်းအလံတွေနဲ့အတူ အိုးဝေအိုးဝေ အသံပေးလို့ ပြန်လာပါပြီ” ဟု ကိုမင်းကိုနိုင်က ပြောသည်။
ပြည်သူများ အနေဖြင့်လည်း ဒီမိုကရေစီနှင့်ထိုက်တန်သော သူများဖြစ်ကြောင်း ပြသနိုင်ရန် စည်းကမ်းရှိရန်၊ ညီညွတ်ရန် လိုအပ်ကြောင်း၊ အနှစ် ၂၀ ကြံ့ကြံ့ ခံခဲ့ကြသော ပြည်သူလူထုကြီးကြောင့် သက်ဆိုင်ရာ အာဏာပိုင်များသည် ဒီမိုကရေစီ စနစ်သို့ မပြောင်းလဲလျှင် မဖြစ်နိုင်သည်ကို သဘောပေါက် လာခြင်းမှာ ပြည်သူလူထု၏ အောင်ပွဲတရပ်ပင် ဖြစ်ကြောင်း၊ အောင်ပွဲများကို ဆက်လက်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ကိုမင်းကိုနိုင်က ဆိုသည်။
“ဒီမိုကရေစီ တင်းပြည့်ကျပ်ပြည့် ရဖို့ ပြည်သူလူထုက လိုအပ်ရင် သတ္တိပြရဲရမယ်။ အနှစ် ၂၀ လောက် တိုက်ခဲ့တဲ့အချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက အစ ဒီမိုကရေစီ မသွားရင် မရတော့ဘူးဆိုတဲ့ အနေအထားကို ရောက်ခဲ့ပြီ။ ကြိုက်ကြိုက်၊ မကြိုက်မကြိုက် ဒီမိုကရေစီကို ငြင်းလို့ မရတော့ဘူး။ အဲဒါ ပြည်သူ့ အောင်ပွဲပဲ။ ပြည်သူ့အောင်ပွဲ ဆက်လက်ထိန်းသိမ်းဖို့ ညီညီညွတ်ညွတ် ရှိဖို့လိုတယ်” ဟု ကိုမင်းကိုနိုင်က ရှင်းပြသည်။
ကိုမင်းကိုနိုင်သည် ရန်ကုန်မြို့သို့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၈ နာရီကျော်ချိန်တွင် ရောက်ရှိလာခဲ့ပြီး မြောက်ဥက္ကလာပ (ဈ) ရပ်ကွက်၊ ဘုမ္မာလမ်းမကြီးဘေးတွင် ရာပေါင်းများစွာသော ပြည်သူလူထုကြီးက ကြိုဆိုနှုတ်ဆက်ခဲ့ရာ ကိုမင်းကိုနိုင်ကလည်း ပြည်သူလူထုကို ပြန်လည်နှုတ်ခွန်းဆက် မိန့်ခွန်း ပြောဆိုခဲ့သည်။
ထို့အပြင် မြောက်ဥက္ကလာပ မယ်လမုဘုရားရှေ့တွင် ပြည်သူများက ဒုတိယအကြိမ် ကိုမင်းကိုနိုင်ကို နှုတ်ဆက်ခဲ့ပြီး ကြိုဆိုကြသော ပြည်သူများက ခွပ်ဒေါင်းအလံများကို ညအချိန်တွင် လွှင့်ထူကာ “ကိုမင်းကိုနိုင် ကျန်းမာပါစေ” ဟူသော ကြွေးကြော်သံများဖြင့် သံပြိုင်အော်ဟစ် ဆုတောင်းခဲ့ကြသည်။
ကိုမင်းကိုနိုင်သည် ၂၀၀၇ ခုနှစ်တွင် စက်သုံးဆီ ဈေးနှုန်းမြင့်တက်မှုကို ငြိမ်းချမ်းစွာဆန္ဒပြမှုကြောင့် တခြား ၈၈ ကျောင်းသား များနှင့်အတူ ထောင်ဒဏ် နှစ်ရှည်ချမှတ်ခံခဲ့ရသည်။
သမ္မတဦးသိန်းစိန်က ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အကျဉ်းသား ၆၅၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယင်း အကျဉ်းသား များထဲတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့် အပါအဝင် ထောက်လှမ်းရေးဟောင်းများ၊ ရွှေဝါရောင် တော်လှန်ရေးခေါင်းဆောင် အရှင်ဂမ္ဘီရအပါအဝင် သံဃာတော် များနှင့် ထင်ရှားကျော်ကြားသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ခဲ့ကြသည်။