ကြားဖြတ်ရွေးကောက်ပွဲများ အတွက် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်များမှ ဝင်ပြိုင်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)မှ လျာထားသည့် ကိုယ်စားလှယ်နှစ်ဦးသည် အစိုးရအရှိန်အဝါယူလျက် မဲဆွယ်နေကြကြောင်း သိရှိရသည်။
“ဦးသာဌေးက ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ ရွာတွေ လှည့်သွားတယ်။ ၃ လလောက်ရှိပြီ။ ဦးမောင်ရှိန် (ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း) ကတော့ စည်းရုံးရေးဆင်းတာ မကြာသေးဘူး။ သူက လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်နဲ့ တွဲဆင်းတယ်” ဟု နေပြည်တော် သတင်းတပ်ဖွဲ့မှ အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
ဦးသာဌေးသည် ဦးတင်အောင်မြင့်ဦး အနိုင်ရခဲ့သည့် ပုဗ္ဗသီရိမြို့နယ်တွင် အောင်သီရိ ဖောင်ဒေးရှင်း ထူထောင်ကာ ကျောင်းများ၊ ဆေးရုံများ၊ မီးသတ်ကားများ လှူဒါန်းခြင်းကို သိန်းသောင်းနှင့်ချီ အကုန်ခံကာ ပြုလုပ်နေပြီး ဦးမောင်ရှိန်ကလည်း အလားတူ လိုက်လံလှူဒါန်း မဲဆွယ်ရန် ပြင်ဆင်လျက်ရှိသည်ဟု သိရသည်။
“ဦးသာဌေးက မကြာခဏဆိုသလို ဦးတင်အောင်မြင့်ဦးနဲ့ တွဲပြီး လာတယ်။ ကျမတို့ကတော့ ပေးတာတော့ ယူမှာပဲ။ မဲထည့်ရင်တော့ ကိုယ်ကြိုက်တာ ထည့်မှာလေ” ဟု ပုဗ္ဗသီရိမြို့နယ် ရွာတော်ကျေးရွာမှ အမျိုးသမီးတဦးက ပြောသည်။
အောင်သီရိ ဖောင်ဒေးရှင်းကလည်း မကြာမီ အိမ်တိုင်း ရေရရှိရေးကို ဆောင်ရွက်ပေးမည်ဟု ယင်းတို့အား ပြောကြားထားကြောင်း ဆက်လက်ပြောပြသည်။
ယခုလ ၁၁ ရက်နေ့ထုတ် အစိုးရပိုင်သတင်းစာတွင် လယ်/ဆည်ဝန်ကြီးနှင့် လိုက်ပါ၍ ဦးမောင်ရှိန် စည်းရုံးရေးဆင်းနေသည့် သတင်း ဖော်ပြပါရှိခဲ့သည်။
ရုပ်ရှင်သရုပ်ဆောင် သျှားညို၏ ဖခင်ဖြစ်သူ ဦးသာဌေးသည် Original Group, အောင်ကောင်း၊ G-4 စသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို နေပြည်တော်တွင် လုပ်ကိုင်နေသူဖြစ်ပြီး ဦးမောင်ရှိန်မှာမူ တပ်မတော်ကြည်း၊ ရေ၊ လေ စာရင်းစစ်ချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့သူဖြစ်သည်။
နေပြည်တော်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိနှင့် ဇမ္ဗူသီရိမြို့နယ်တို့အနက် ပုဗ္ဗသီရိအတွက် ဦးသာဌေးနှင့် ဒက္ခိဏသီရိအတွက် ဦးမောင်ရှိန်တို့ကို ကြံ့ခိုင်ရေးပါတီက လတ်တလော ရွေးချယ်ထားပြီး ကျန်နှစ်မြို့နယ်အတွက် မရွေးချယ်ရသေးကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်မှ ယင်းမြို့နယ်များအတွက် ကိုယ်စားလှယ်လောင်း မလျာထားရသေးကြောင်း သိရသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီသည် နိုင်ငံတော်စရိတ်များသုံး၍ မဲဆွယ်ခြင်း၊ မလျော်သြဇာသုံး၍ မဲဆွယ်ခြင်းများကြောင့် ရွေးကောက်ပွဲဥပဒေနှင့် မညီကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။