ပြန်လည် လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ အကြောင်း သတင်းနှင့် ဓာတ်ပုံများကို စာပေစိစစ်ရေး မတင်ဘဲ ထုတ်ဝေလိုက်ကြရာ ဂျာနယ်များ စောင်ရေပြတ်လပ်သည်အထိ ဝယ်လိုအား ထိုးတက်သွားကြောင်း သတင်းရရှိသည်။
သတင်းဂျာနယ်အများစုက ဇန်နဝါရီ ၁၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့သော ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင် များ၊ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်တို့၏ ပြောစကား၊ မှတ်ချက်၊ သတင်းနှင့် ဓာတ်ပုံများကို မျက်နှာဖုံးတွင် တင်ကြပြီး ယင်းသို့ အသုံးပြုရန် စာပေစိစစ်ရေး၏ ခွင့်ပြုချက်ကို မယူဘဲ ထုတ်ဝေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဒီတကြိမ်လည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်တဲ့အချိန်တုန်းကလိုပဲ ဂျာနယ်တွေအားလုံးက စာပေစိစစ်ရေးကို မတင်ကြဘူး၊ ကိုယ်သဘောနဲ့ကိုယ် ဂျာနယ် မျက်နှာဖုံးတွေကို စိတ်ကြိုက် ဝေဝေဆာဆာ ထုတ်ဝေတယ်။ စာပေ စိစစ်ရေး တင်ရင်လည်း ခွင့်မပြုမှာစိုးတာရယ်၊ နောက်တချက်က ပုံနှိပ်ဖို့၊ ဖြန့်ဖို့ အချိန် မမီမှာ စိုးတာကြောင့် ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုက်ကြတာ” ဟု ပြည်တွင်း သတင်း အယ်ဒီတာတဦးက ပြောသည်။
ဂျာနယ်အများစုတွင် ခွပ်ဒေါင်းအလံများကို ပြန်လည် တွေ့မြင်လာရခြင်းက ထူးခြားချက်တရပ် ဖြစ်ကြောင်း သတင်းသမား များက သုံးသပ်သည်။
“ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံကို စာပေစိစစ်ရေးတင်ရင် သေချာတယ် လုံး၀ ခွင့်ပြုမှာမဟုတ်ဘူး။ ဒါပေမယ့်လည်း မီဒီယာ သမားတွေက အတွေးကိုယ်စီနဲ့ပဲ ခွပ်ဒေါင်းအလံပါတဲ့ သတင်းဓာတ်ပုံတွေ တော်တော် များများသုံးကြတယ်။ ဒါကလည်း တကယ့်ထူးခြားချက်။ နောက်တခုက အားလုံးက ညီညီညွတ်ညွတ်နဲ့ စာပေစိစစ်ရေးကို ဂရုမစိုက် ကြတော့ဘူး။ ဖြစ်လာရင် ရှင်းမယ်၊ လက်မှတ်ထိုးလိုက်မယ် ဆိုတဲ့ စိတ်တွေနဲ့ အားလုံးက လုပ်ကြတယ်။ အဲဒီတော့ ဘယ်ဂျာနယ်ကို ဖတ်ဖတ် အတော်ကို ဖတ်လို့ကောင်းနေတယ်” ဟု ဝါရင့် သတင်းထောက်တဦးက ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်စဉ်က သတင်းဂျာနယ် အများစုသည် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများကို ပုံကြီးချဲ့ကာ မျက်နှာဖုံးဓာတ်ပုံ များအဖြစ် စာပေစိစစ်ရေး၏ ခွင့်ပြုချက် မယူဘဲ ထုတ်ဝေခဲ့ ကြသည့်အတွက် သတင်းဂျာနယ် ၉ စောင်ကို စာပေစိစစ်ရေးက တပတ် ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်းဖြင့် အရေးယူခဲ့သည်။
လွတ်မြောက်လာသည့် နိုင်ငံရေး အကျဉ်းသားများ၏ သတင်းနှင့် ဓာတ်ပုံများကို လွတ်လွတ်လပ်လပ် ဝေဝေဆာဆာ ထုတ်ဝေ ကြသည့်အတွက် ပြည်သူများက ယခုအပတ်ထုတ် သတင်းဂျာနယ်များ အလုအယက် ဝယ်ယူခဲ့ကြပြီး ဂျာနယ်များမှာ ဈေးကွက်တွင် ရှာမရ သည်အထိ ပြတ်လပ်သွားကြောင်း သတင်းရရှိသည်။
“ဂျာနယ်တွေအားလုံး ရောင်းကောင်းတယ်။ အားလုံးက ကိုမင်းကိုနိုင်ပုံ၊ ဦးခင်ညွှန့်ပုံ၊ ၈၈ ကျောင်းသားတွေရဲ့ ဓာတ်ပုံတွေကို အဖုံးတင် ထုတ်ကြတာများတယ်။ ဦးခင်ညွှန့်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ် ဆိုတဲ့ သတင်းတွေကြောင့်လည်း အတော်ကို ဂယက်ရိုက်ပြီး လူတွေ ဝယ်ဖတ်ကြတယ်” ဟု လမ်း ၃၀ အနီးမှ ဂျာနယ်လက်လီလက်ကား ဖြန့်ချိရေး လုပ်ငန်း ပိုင်ရှင်တဦးက ရှင်းပြသည်။ ဂျာနယ်များ ပြတ်လပ်သွားသည့် အတွက် တချို့ဂျာနယ်များကို ဈေးတင် ရောင်းချမှုရှိကြောင်း သိရှိရသည်။
စာပေစိစစ်ရေးကို ဂရုမစိုက်ဘဲ ဂျာနယ်များက ညီညီညွတ်ညွတ်ဖြင့် ကိုယ့်တာဝန် ကိုယ်ယူစနစ်ဖြင့် ထုတ်ဝေမှုသည် အလေ့အထကောင်း ဖြစ်သည်ဟု ပြည်တွင်း သတင်းသမားများက သုံးသပ် ပြောဆိုကြသည်။
“ဒါက ကောင်းတဲ့ အမူအကျင့်ပဲ။ ဒီမိုကရေစီစနစ်မှာ လူတိုင်းလွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် ရှိရမှာ ဖြစ်တဲ့အတွက် သတင်းသမားတွေက ကိုယ့်အခွင့်အရေးကိုယ် ညီညီညွတ်ညွတ်နဲ့ လုပ်ကြတာ ကောင်းတယ်။ စာပေစိစစ်ရေးက ဘယ်လိုမှ အရေးယူဖို့ မလွယ်ဘူး။ အရေးယူ ခဲ့ရင်လည်း ဦးသိန်းစိန် အစိုးရ မျက်နှာ ပျက်ပါလိမ့်မယ်။ အဲဒီတော့ စည်းစည်းလုံးလုံးနဲ့ ဆက်လုပ်ကြဖို့ လိုပါတယ်” ဟု ဝါရင့်သတင်းစာ ဆရာက ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနသည် သတင်း ဂျာနယ်များမှအပ တခြားသော အမျိုးအစားစာပေ၊ စာနယ်ဇင်းများကို ထုတ်ဝေပြီးမှ တင်ပြရသည့် ထုတ်/ တင် စနစ်ဖြင့် ထုတ်ဝေခွင့် ပြုထားပြီး ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော် အစည်းအဝေးများတွင် သတင်း မီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက တရားဝင် တင်သွင်းမည် ဖြစ်သည်။