မြန်မာတပ်မတော် တပ်မှူးများညီလာခံ (လေးလပတ်အစည်းအဝေး) ကို ယနေ့နံနက် ၈ နာရီက နေပြည်တော်၌ စတင်ကျင်းပကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာအသိုင်းအဝန်းမှ သိရသည်။
စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များ မည်သို့ချမှတ်သည်ကို မသိရသေးသော်လည်း လက်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပဏာမ ငြိမ်းချမ်းရေးဆွေး နွေးပွဲပြီးနောက် ကရင်ပြည်နယ် အတွင်းချထားသည့် နှစ်ဘက်တပ်များ အခြေအနေကို ဆွေးနွေးနိုင်ကြောင်း စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။
အဆိုပါ အစည်းအဝေး မစတင်မီ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၁၄ ဦးကို ရာထူးအပြောင်းအရွှေ့များ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ် ဗိုလ်ချုပ် ကိုကိုနိုင်ကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ယခင် တိုင်းမှူး ဗိုလ်ချုပ် ထွန်းနေလင်းကို နိုင်ငံခြားရေးဝန်ကြီး ဌာန၊ တပ်မ (၁၀၁) တပ်မမှူး ဗိုလ်ချုပ် မင်းနိုင်ကို တွဲဖက်စစ်ထောက်ချုပ်၊ စကခ (၁၈) တပ်မမှူး ဗိုလ်ချုပ် အောင်ရဲဝင်းကို လက်ထောက် တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် တင်ဆွေဝင်းကို တပ်မတော် မှတ်တမ်းရုံးအရာရှိချုပ် တာဝန်များသို့ ပြောင်းရွေ့ တာဝန်ပေးထားကြောင်း အဆိုပါ နီးစပ်သူက ဆိုသည်။
“အဲဒီတိုင်းမှူးအသစ်၊ ဌာနမှူးအသစ်တွေကို လက်ရှိ တိုးပေးလိုက်တဲ့ရာထူးတွေနဲ့ အစည်းအဝေး တက်ခိုင်းထားတယ်” ဟု ၎င်းက ပြောသည်။
လစ်လပ်နေသည့် နေရာများအတွက်မူ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းဆင်းများနှင့် အစားထိုးမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။
လက်ရှိအခြေအနေတွင် အစိုးရတပ်သည် KIA တပ်များကို တပ်မ (၈၈)၊ (၄၄) နှင့် (၆၆) အပါအဝင် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် စကခ (၁၀) စသည့် တပ်မများအပြင် ဒေသတွင်းရှိ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်များဖြင့် အလုံးအရင်း ထိုးစစ်ဆင်လျက်ရှိသည်။
မကြာသေးမီတွင် သမ္မတ ဦးသိန်းစိန်က ရှေ့တန်းစစ်မျက်နှာတွင် ရှိနေသည့် တပ်များအား အပစ်အခတ် ရပ်စဲရန် ညွန်ကြားချက်များ ထုတ်ပြန်ခဲ့သော်လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ လက်အောက်ခံ စစ်တပ်များမှာ ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်။
၇ လကြာမြင့်ပြီဖြစ်သည့် ကချင်ပြည်နယ် တိုက်ပွဲများတွင် အစိုးရစစ်တပ်ဘက်မှ အကျအဆုံးများစွာရှိခဲ့ပြီး ချေမှုန်းရေး စခန်းသိမ်းတိုက်ပွဲများ ပြုလုပ်နိုင်ခြင်းမရှိသေးကြောင်း၊ KIA စခန်းတချို့ ကျဆုံးရသည်မှာလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့်သာ ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။