ထိုင်းနိုင်ငံအခြေစိုက် အတိုက်အခံအဖွဲ့တချို့က မြန်မာသံရုံးသို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုအတွက် ကျေးဇူးတင်ကြောင်း သမ္မတ ဦးသိန်းစိန်ထံအိတ်ဖွင့်ပေးစာ သွားရောက်ပေးပို့ကြကြောင်း သတင်းရရှိသည်။
ယနေ့နံနက်ပိုင်းတွင် အဖွဲ့တချို့မှ တာဝန်ခံများ၊ တသီးပုဂ္ဂလ မြန်မာနိုင်ငံသားများက ဘန်ကောက်ရှိ မြန်မာသံရုံးသို့ သွားရောက်၍ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း၊ အပြုသဘောဆောင်သော လုပ်ရပ်များကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲကာ လုပ်ဆောင်နေခြင်းများကြောင့် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း ရေးထားသည့် အိတ်ဖွင့်ပေးစာကို ပေးအပ်ရာ သံရုံးအဖွဲ့ဝင် ဗိုလ်မှူး နိုင်ထွန်းက လက်ခံရယူသည်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) မှ ဒုဥက္ကဋ္ဌ ကိုစန်းလွင်က “လက်ရှိအချိန်မှာ မြန်မာအစိုးရက ကောင်းတာတွေ လုပ်နေတာကို ကျနော်တို့က ကောင်းရင်ကောင်းတယ်လို့ ပြောရမယ်။ လွန်ခဲ့တဲ့ နှစ်များစွာအတွင်းမှာ ဒီသံရုံးရှေ့မှာ တိုင်းပြည်အတွက် အပြောင်းအလဲတွေ လုပ်ပေးဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အကြိမ်ကြိမ် ကျနော်တို့ တောင်းဆိုခဲ့ဖူးကြတယ်။ အဲဒါတွေဟာ ခုအချိန်မှာ တကယ်ဖြစ်လာခဲ့တယ်” ဟု ပြောသည်။
ပေးပို့သည့် အိတ်ဖွင့်စာထဲတွင် ယခင်အစိုးရ လက်ထက်များမှ ယခု ၁၈ ကြိမ်မြောက်အထိ ရှိခဲ့သော လွတ်ငြိမ်းချမ်းသာခွင့်များတွင် သမ္မတ ဦးသိန်းစိန်လက်ထက် စတုတ္ထ အကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့်သည် ကျွန်ုပ်တို့ မြန်မာပြည်သူ ပြည်သားများနှင့်တကွ တကမ္ဘာလုံးမှ လူအပေါင်းအတွက် အထူးဝမ်းသာ ပီတီဖြစ်ရကြောင်း စသည်ဖြင့် ဖော်ပြထားသည်။
အိတ်ဖွင့်ပေးစာ လာရောက်ပေးသူများသည် ယခင်က သံရုံးရှေ့တွင် စစ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲပေါင်း များစွာကို ဦးဆောင်ကျင်းပခဲ့ကြသော်လည်း ယနေ့တွင်မူ သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေရန်၊ မြန်မာပြည်သူများ ငြိမ်းချမ်းစေရန်နှင့် မြန်မာနိုင်ငံ သာယာဝပြောစေရန် ကြွေးကြော်ခဲ့ကြသည်။
ပြည်ပရောက် အမျိုးသား ကျောင်းသားများအဖွဲ့ – မြန်မာနိုင်ငံ (ONSOB) မှ အထွေထွေ အတွင်းရေးမှူး ကိုသန်းဖေက “ကျနော်တို့ တိုင်းပြည်မှာ နှစ်ပေါင်း ၅၀ ကျော် ၆၀ လောက် အချင်းချင်း ရန်ဖြစ်ကြ၊ အငြိုးအတေးတွေ ထားကြရင်း ပြဿနာသံသရာထဲ တဝဲလည်လည်ဖြစ်နေတာ ကြာပြီ။ တိုင်းပြည်လည်း နာလှပါပြီ။ အခုအချိန်ကစပြီး အပြုသဘောဆောင်တဲ့ အလုပ်တွေကို ဒီထက် ပိုမိုလုပ်ကိုင်ကြခြင်းဖြင့် တိုင်းသူပြည်သားတွေ အကျိုးကို ပိုမို သယ်ပိုးရမယ့် အချိန်ဖြစ်ပါတယ်” ဟု ပြောသည်။