ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများ မကြာသေးခင်က လွတ်မြောက် လာခဲ့သော်လည်း အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသားများစွာ ကျန်ရှိနေသေးကြောင်းသိရသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လက်လှမ်းမီသရွေ့ ပြုစုသောစာရင်းအရ မလွတ်မြောက်သေးသည့် နိုင်ငံရေးအကျဉ်းသား ၃၀၀ ခန့် ကျန်ရှိနေပြီး ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားဟောင်းများ၏ သက်ဆိုင်ရာ အကျဉ်းထောင်အလိုက် နိုင်ငံရေးအကျဉ်းသား စာရင်းပြုစုရာတွင်လည်း ယခင် ၆၄၀ ကျော်ရှိနေရာမှ ၁၂ ရက်နေ့က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး နောက်ပိုင်း အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော်ရှိနေသေးကြောင်း သိရသည်။
“ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လွတ်လာဖို့ လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောထားပါတယ်” ဟု NLD ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ဆိုသည်။
NLD အနေဖြင့် လက်လှမ်းမီသရွေ့ ဆက်လက် စုဆောင်း ကာ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး စရာများ ရှိနေသေးကြောင်း၊ နိုင်ငံရေးအကျဉ်းသား စာရင်းများ ကွာဟချက်မှာ အဓိပ္ပာယ ်ဖွင့်ဆိုချက်အပေါ် မူတည်ကြောင်း သူက ဆက်ပြောသည်။
ပြည်ထဲရေး ဝန်ကြီး၏ သတင်းစာရှင်းလင်းပွဲတွင် NLD မှ ပေးပို့သော နိုင်ငံရေးအကျဉ်းသား စာရင်း ၆၀၄ ဦးအပေါ် အခြေခံကာ လွှတ်ပေးခြင်းဖြစ်ပြီး လက်ရှိ အကျဉ်းကျခံနေရသူ ၄၂၁ ဦး၊ အချုပ်သား ၉ ဦး ပေါင်း ၄၃၀ ဦးသာ ရှိ ကြောင်း ပြောကြားခဲ့သည်။ ယင်းတို့အနက် ၁၀၇ ဦးမှာ လွတ်ငြိမ်းချမ်းသာခွင့် အသီးသီးနှင့် ရက်စေ့ကာ လွတ်မြောက် ခဲ့ပြီး ဖြစ်ကြောင်း၊ ၁၃ ဦးမှာ အမည်ထပ်နေပြီး ၅၁ ဦးမှာ အချက်အလက် မပြည့်စုံကြောင်း၊ သေဆုံးသူ ၁ ဦးနှင့် သာသနာရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးထားသူ ၂ ဦးရှိကြောင်း ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ရှင်းလင်း ပြောကြားခဲ့သည်။
ကျန် ၁၂၈ ဦးမှာမူ ရာဇဝတ်ပြစ်မှုကြီးများကို ကျူးလွန်ထားသူများဖြစ်သဖြင့် ပြီးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်၏ ရည်ရွယ်ချက်ဖြင့် အကျုံးမဝင်သောကြောင့် တရားဥပဒေ စိုးမိုးရေးအလို့ငှာ ဆက်လက်ထိန်းသိမ်းထားကြောင်း ၎င်းက ဆက်ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မြောက်ခါစကလည်း မလွတ်မြောက်သေးသည့် နိုင်ငံရေး အကျဉ်းသားများ အကျဉ်းထောင်များထဲတွင် ကျန်နေသေးသည်ဟု ဆိုသည်။
“ကျနော်တို့ သရက်ထောင်မှာပဲ ကြည့်လေ၊ နိုင်ငံရေးအကျဉ်းသားတွေ ကျန်သေးတယ်ဗျာ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ တချို့ အမှုမှားပြီး အဆွဲ ခံထားရတဲ့ သန်လျင်မြို့နယ် NLD က ကိုသန်းဇော်လို လူမျိုးတွေ ကျန်သေးတယ်။ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အသုံးအနှုန်းကတော့ အငြင်းပွားစရာ ရှိချင်ရှိမယ်၊ ဒါပေမယ့် နိုင်ငံရေးအရ ဖြစ်တဲ့ အကျဉ်းသားတွေပါပဲ” ဟု ၎င်းက ဧရာဝတီသို့ ပြောခဲ့သည်။
ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ နောက်ဆုံးထုတ်ပြန်ထား သော စာရင်းအရ နိုင်ငံရေးအကျဉ်းသား ၁၅၇၂ ဦးရှိသည့်အနက် ၃၀၀ ခန့်ကို နောက်ဆုံး လွှတ်ပေးပြီးနောက် ၁ ထောင်ကျော် ကျန်ရှိနေသေးသည်ဟု သိရသည်။
“ကိုမင်းကိုနိုင်တို့လို၊ ဦးခွန်ထွန်းဦးတို့လို ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာပေမယ့် ဦးမြင့်အေး၊ ကိုသန်းဇော်၊ ကိုအေးအောင်တို့လို လူတွေ၊ ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တွေနဲ့ ဖမ်းဆီးထားတဲ့ သူတွေ အများကြီး ကျန်ရှိနေပါသေးတယ်” ဟု AAPP ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ကိုဘိုကြည်က ပြောသည်။
AAPP က ပြုစုထားသည့် စာရင်းမှာ ပြီးပြည့်စုံမှု မရှိသေးသော်လည်း ဆက်လက်၍ အတည်ပြုနိုင်ရန် လုပ်ဆောင်မည် ဖြစ်ပြီး နောက်ဆုံးရရှိသည့် အခြေအနေများကို ထုတ်ပြန်ရန်ရှိကြောင်း သူက ဆက်ပြောသည်။
ကျန်ရှိနေသူများထဲတွင် လူ့အခွင့်အရေး လှုပ်ရှားသူ ဦးမြင့်အေး၊ ပြစ်မှု မကျူးလွန်ဘဲ သန်လျင် ရေနံချက် စက်ရုံ ဗုံးခွဲသည့် စွပ်စွဲချက်ဖြင့် သေဒဏ်နှင့် တသက်တကျွန်း ချမှတ်ခံထားရသော နှစ်ပေါင်း ၂၀ ကျော်ကြာသည့်တိုင် မလွတ်သေးသည့် သရက်အကျဉ်းထောင်မှ ကိုသန်းဇော် အပါအဝင် တရားမဝင်အသင်းနှင့် ဆက်သွယ်မှု၊ ကိုယ်တိုင် ပါဝင်မှု ပုဒ်မ ၁၇ (၁)၊ (၂) စသည်တို့ဖြင့် ဖမ်းဆီးထိမ်းသိမ်း ခံထားရသူ များစွာရှိသည်ဟု ကိုဘိုကြည်က ဆိုသည်။
နိုင်ငံရေးအကျဉ်းသား စာရင်းကွာဟမှုသည် အဓိက အဓိပ္ပာယ် ဖွင့်ဆိုချက် ကွာခြားခြင်းသာဖြစ်ပြီး ပြည်ထဲရေး ဝန်ကြီး ပြောဆိုသော ၃၀၂ ဦး လွှတ်ပေးပြီး ၁၂၈ ဦးသာ ကျန်ရှိသည်ထက် ပိုမိုကျန်ရှိနေသည်မှာ အထင်အရှားဖြစ်ကြောင်း၊ တချို့သည် ရာဇဝတ် ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူ ခံထားရကြောင်း၊ အမှန်တကယ် ဖမ်းဆီးသည့် အာဏာပိုင်များက စာရင်း အတိအကျကို ပိုသိမည်ဖြစ်ကြောင်း ကိုဘိုကြည်က ပြောသည်။
ပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများ စာရင်းပြုစုနေသည့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဘမျိုးသိန်းကလည်း “သရက်ထောင်မှာ စောတင်ဦးတို့၊ စိုင်းဖုန်းတင့်တို့တွေ ကျန်နေတယ်။ တိုင်းရင်းသားတွေထဲကလည်း ကျန်နေ သေးတယ်” ဟု ဆိုသည်။
ကိုမင်းကိုနိုင်နှင့် ဦးခွန်ထွန်းဦး အပါအဝင် ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးသောကြောင့် သမ္မတ ဦးသိန်းစိန်ကို ကျေးဇူးတင်ကြောင်း၊ သို့သော် ပြုပြင်ပြောင်းလဲရေးသည် အပေါ်ယံ ပြောင်းလဲမှု ဖြစ်နေပြီး မထင်ရှားသည့် နိုင်ငံရေး အကျဉ်းသား များစွာ ကျန်နေသေးသည့်အတွက် ထပ်မံလွှတ်ပေးခြင်းဖြင့် အောက်ခြေအထိ ပြုပြင် ပြောင်းလဲပေးစေလိုကြောင်း သူက ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း လွတ်ငြိမ်းချမ်းသာခွင့် စုစုပေါင်း ၄ ကြိမ်ပေးခဲ့ပြီး အကျဉ်းသားများ လွှတ်ပေးနေရာ ယခုနောက်ဆုံးတွင် တိုးတက်မှုအဖြစ် ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၀၀ ခန့် လွှတ်ပေးမှုကို နိုင်ငံတကာက ချီးမွမ်းပြောဆိုလျှက်ရှိကြောင်း၊ ဆက်လက်၍ ပြုပြင်ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင်သွားရန် တိုက်တွန်းနေခြင်းကိုလည်း အကောင်အထည် ဖော်သင့်ကြောင်း ကိုဘမျိုးသိန်းက ဆက် ပြောသည်။