ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်း မောင်ကို ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်ပြန်လွှတ်ပေးမည်ဟု အစိုးရ မီးရထား ပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက ပြောသည်။
ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် KNU နှင့် နှစ်ဘက် ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များ သွားရောက် ဆွေးနွေးခဲ့ရာ ဦးအောင် မင်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်ကြောင်း KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထော က ဧရာဝတီသို့ ပြောသည်။
နေ့ရက် အတိအကျ ပြောကြားခြင်း မရှိသော်လည်း အစိုးရက ပဒို မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးမည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသည်။
“အပစ်အခတ် ရပ်စဲရေး ပြီးသွားတဲ့ နောက်ပိုင်းမှာ မန်းငြိမ်းမောင်သာ မကဘူး၊ ကျနော်တို့နဲ့ ပတ်သက်ပြီးတော့ အကျဉ်းကျခံ နေရ တဲ့ လူပုဂ္ဂိုလ်တွေကိုလည်း စာရင်းတင်ပြီး တောင်းမယ်၊ လွှတ်ပေးမယ်လို့လည်း ယုံပါတယ်”ဟု ဦးစောဒေးဗစ်ထောက ဆက် ပြော သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက ထိုင်း – မြန်မာနယ်စပ် တနေရာတွင် KNU ခေါင်းဆောင်တချို့နှင့် အစိုးရ ကိုယ်စားလှယ်များ ငြိမ်းချမ်း ရေး အကြို တွေ့ဆုံစကားပြောခဲ့စဉ်ကာလ၌ ဦးအောင်မင်းက ပဒို မန်းငြိမ်မောင်းကို ပြန်လွှတ်ပေးခဲ့ပါက ငြိမ်းချမ်းရေး ကိစ္စ အထောက်အကူ ဖြစ်မည်လောဟု မေးခဲ့ဖူးသည်။
KNU ခေါင်းဆောင်များကလည်း နှစ်ဘက် ဆောင်ရွက်နေသော ကိစ္စများအတွက် အထောက်အကူဖြစ်မည်ဟု ဆိုခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုကမူ ပဒို မန်းငြိမ်းမောင်နှင့် ပတ်သက်ပြီးအရေးယူနိုင်ရန် ဆောင် ရွက်နေကြောင်း၊ တောင်းဆိုလာပါက လွတ်ငြိမ်းချမ်းသာခွင့်ကို စဉ်းစားမည်ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က နေပြည်တော်၌ ကျင်း ပသော အကျဉ်းသားလွှတ်ပေးခြင်းနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။
ပြီးခဲ့သည့် ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် KNU နှင့် အစိုးရ နှစ်ဘက် ကိုယ်စားလှယ်များ ငြိမ်းချမ်းရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ၄၅ ရက်အတွင်း ထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
KNUဘက်က တောင်းဆိုထားသည့် မြန်မာပြည်တဝန်း အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်းများ မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကို ဆွေးနွေးကြမည် ဖြစ်သည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံထားရသည်။
KNU က တခြားသော တိုင်းရင်းသား တပ်ဖွဲ့များနှင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) တွင် ပဒိုမန်းငြိမ်းမောင်က ကော်မတီဝင် တဦးအဖြစ် တာဝန်ယူထားသည်။
မန်းငြိမ်းမောင်သည် ယခင်ကလည်း မြန်မာပြည် အကျဉ်းစခန်း၊ အကျဉ်းထောင်တို့တွင် နှစ်ပေါင်းအတန်ကြာ ထိန်းသိမ်းခံရဖူး သည်။
ကိုကိုးကျွန်း အကျဉ်းစခန်းတွင် ရှိနေစဉ် မန်းငြိမ်းမောင်သည် ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကို အောင်ငွေတို့နှင့် အတူ ပင်လယ်ပြင် မိုင်ပေါင်း၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးခဲ့ဖူးသူလည်း ဖြစ်သည်။