နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ် ဟစ်ပ်ဟော့ပ် အဆိုတော် ကိုဇေယျာသော်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြု၍ လာမည့် ဧပြီ ၁ ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ရွေးချယ်ခံမည် ဖြစ်သည်။
“ကျနော်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ဝင်ရောက်ရွေးချယ်ခံမှာပါ”ဟု ကိုဇေယျာသော်က ဧရာဝတီကို ပြောသည်။
ပုဗ္ဗသီရိမြို့နယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယခု ဒု သမ္မတ ဦးတင်အောင်မြင့်ဦး ဝင်ရောက်အရွေးချယ်ခံခဲ့သော မဲဆန္ဒနယ်မြေဖြစ်သည်။
ထို့အပြင် လွန်ခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြောင်းမြအကျဉ်းထောင်က လွတ်မြောက်လာခဲ့ သော မစန္ဒာမင်း က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ မန္တလေး အိုးဖိုအကျဉ်းထောင်မှပြန်လည် လွတ်မြောက်လာသူ မိုးကုတ်မြို့က ကိုမင်းသူက ဥတ္တရ သီရိမြို့နယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနိုင်ငံလင်းက ဒက္ခိဏ သီရိ မြို့နယ်တို့က NLD ပါတီ ကိုယ် စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်မည့် ထိုလူငယ် ၄ ဦး၏ အမည်စာရင်းကို ကြေညာချက်အမှတ် ၆ -၀၁/ ၁၂ ဖြင့် NLD က ယနေ့ ထုတ်ပြန်ထားသည်။
“ကျနော့်အနေနဲ့ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါပဲ။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဆိုတာ ကတော့ ဧပြီ ၁ ရက်နောက်ပိုင်းမှ သိရမှာပါ”ဟု ကိုဇေယျာသော်က ဆိုသည်။
ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတပြီးလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် အားလုံးတွင်တာဝန်ရှိ သောကြောင့် ဝိုင်းဝန်း လုပ်ဆောင်သွားကြရမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။
ကိုဇေယျာသော်သည် သမ္မတ ဦးသိန်းစိန်၏ ၁ နှစ် လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယမန်နှစ် မေလက တနင်္သာရီ တိုင်း ကော့သောင်း အကျဉ်းထောင်မှ လွတ်မြောက်လာသူ ဖြစ်သည်။
အသက် ၃၂ နှစ်အရွယ်ရှိ ကိုဇေယျာသော် အား အာဏာပိုင်များက နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းဖွဲ့စည်းမှု ပုဒ်မ ၆/၈၈ ဖြင့် ၅ နှစ် စုစုပေါင်းထောင်ဒဏ် ၆ နှစ်ကို ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၂ဝ ရက် နေ့ က စွဲဆိုချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ အကျဉ်းထောင်တွင်း၌ ၃ နှစ် နေခဲ့ရပြီး နောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ကိုဇေယျာသော်သည် ယခင်က မြေအောက် လူငယ်ဂီတအဖွဲ့တခုဖြစ်သည့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)ခေါင်း ဆောင်တဦးလည်း ဖြစ်သည်။