အမေရိကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်က သမ္မတ ဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးသမား အစစ်ဟု ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွင် အဓိက အရေးပါသူတဦးဖြစ်သော မစ္စတာ မက်ကော်နယ်သည် ယမန်နေ့က နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံပြီးနောက် ယင်းသို့ ပြောဆိုခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲ အပြီးတွင် ပိတ်ဆို့အရေးယူမှုများကို လျှော့ချခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ဖြစ်လာနိုင်သည်ဟု ခန့်မှန်းနေကြသည်။
“သူ (သမ္မတ ဦးသိန်းစိန်) ဟာ တကယ့် ပြုပြင်ပြောင်းလဲရေးသမား အစစ်လို့ ကျနော်ယုံသွားပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျနော် ယုံပါတယ်” ဟု AP သတင်းဌာနနှင့် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုတွင် မစ္စတာ မက်ကော်နယ်က ဖြေကြားသွားသည်။
သို့သော် မကြာသေးမီက တိုးတက်ပြောင်းလဲလာသော မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ဖယ်ရှားရေး မဖယ်ရှားရေးအတွက် လုပ်ဆောင်ခြင်း မပြုမီ ဒေါ်အောင်ဆန်းစုကြည်၏ အကြံပြုချက်ကို ရယူဦးမည်ဟု မစ္စတာ မက်ကော်နယ်က ထပ်လောင်းပြောသည်။
မစ္စတာ မက်ကော်နယ်က ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိသည် အဓိကသော့ချက် ဖြစ်လာမည်ဟု ဆိုသည်။
၎င်း၏ မြန်မာပြည် ခရီးစဉ်အတွင်း မစ္စတာ မက်ကော်နယ်က မြန်မာအစိုးရအား ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာမှ လေ့လာသူများကို ဝင်ရောက်ခွင့်ပြုရန်နှင့် မြောက်ကိုရီးယားနှင့် အဖြူအမည်း မကွဲပြားသော ဆက်ဆံရေးကို အဆုံးသတ်ရန်လည်း တိုက်တွန်းခဲ့သည်။
“အမေရိကန်ပြည်ထောင်စုနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်တဲ့ ကိစ္စမှာ မြောက်ကိုရီးယားနဲ့ အဆက်အသွယ် ဖြတ်ရေးဟာ ကြီးမားတဲ့ အစိတ်အပိုင်းတရပ်ဆိုတာ ဦးသိန်းစိန်အစိုးရအဖွဲ့ သဘောပေါက်ပါတယ်” ဟု မစ္စတာ မက်ကော်နယ်က ပြောသည်။
မစ္စတာ မက်ကော်နယ်သည် သမ္မတ ဦးသိန်းစိန်နှင့် မတွေ့ဆုံမီ ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။ ယင်းသို့ တွေ့ဆုံပြီးနောက် မြန်မာပြည်၏ အပြောင်းအလဲများနှင့် ပတ်သက်၍ အမေရိကန်က အထူးပင် သဘောကျနှစ်ခြိုက်မိကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ရရှိသည်အထိ တိုးတက်ဆောင်ရွက်နိုင်ရေး တိုက်တွန်းလိုကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီက သမ္မတ အိုဘားမား အစိုးရ ထုတ်ပြန်ကြေညာလိုက်သည့် မြန်မာပြည်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဆင့် ပြန်လည် ခန့်အပ်ရေးကိုလည်း ၎င်းအနေဖြင့် သဘောတူကြောင်းလည်း မစ္စတာ မက်ကော်နယ်က အတည်ပြု ပြောဆိုသွားသည်။
ထို့အပြင် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည်လည်း မြန်မာနိုင်ငံသို့ ယခုသီတင်းပတ်အတွင်း လာရောက်ပြီး မြန်မာအစိုးရအဖွဲ့၊ အတိုက်အခံအုပ်စုများနှင့် တွေ့ဆုံမည်ဟု သိရသည်။ ဤလည်ပတ်မည့်ခရီးစဉ်သည် အရပ်သားတဖြစ်လဲ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ဂျွန်မက်ကိန်း၏ ဒုတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်သည်။
“ကွန်ဂရက် ကိုယ်စားလှယ်အဖွဲ့နဲ့ ရှေ့တပတ်မှာ မြန်မာပြည်ကို သွားရောက်ပါမယ်။ နေပြည်တော်နဲ့ ရန်ကုန်ကို သွားမယ်။ အစိုးရအဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ မြန်မာနိုင်ငံရဲ့ ရှေ့တဆင့် ဖွံ့ဖြိုးရေးနဲ့ အမေရိကန်ပြည်ထောင်စု၊ အထူးသဖြင့် ကွန်ဂရက်က ဘာတွေ ကူညီနိုင်မလဲဆိုတာ တွေ့ဆုံဆွေးနွေးပါမယ်” ဟု မစ္စတာ မက်ကိန်း၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အမေရိကန် သံအမတ်ကြီးအဆင့် မြန်မာပြည်တွင် ပြန်လည်ထားရှိရေးကိုလည်း ထောက်ခံကြောင်း မစ္စတာ မက်ကိန်းက ဆိုသည်။
သို့သော် အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ ဥက္ကဋ္ဌ Ms. Ileana Ros-Lehtinen ကမူ သံအမတ်အဆင့် ပြန်ထားရေးသည် “အတန်ပင် စောသေးသည်” ဟု မှတ်ချက်ပေးထားသည်။ တနိုင်ငံလုံး အပစ်ရပ်ရေးနှင့် လူ့အခွင့်အရေးအတွက် အာမခံချက်ရရေး၊ အစွန်အဖျားဒေသများတွင် ဖိနှိပ်နေမှုများ ပပျောက်ရေးတို့အပြင် လွှတ်ပေးလိုက်သည့် နိုင်ငံရေးအကျဉ်းသားများကို အချိန်မရွေး ပြန်ဖမ်းနိုင်သည့်အချက်ကိုလည်း ထောက်ပြထားသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အာဏာလွှဲမပေးခြင်းကြောင့် အမေရိကန်က ယင်း၏ သံအမတ်ကြီးအဆင့်ကို ဆက်မထားဘဲ သံရုံးယာယီတာဝန်ခံသာ ထားခဲ့ပြီး ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့သည်။