အပစ်အခတ်ရပ်စဲရေး အတွက် ပြည်ထောင်စု အဆင့် ဆွေးနွေးရန် အစိုးရ နှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ထပ်မံ တွေ့ဆုံကြသည်။
ဆွေးနွေးပွဲတွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်သောင်း၊ ဦးအောင်ကြည်၊ ဦးသိန်းဇော်တို့ ပါဝင်ပြီး KIO မှ ကိုယ်စားလှယ် ၁၂ ဦး ခန့် တက်ရောက်၍ ၂ ရက် ကြာမည်ဟု သိရသည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် KIO ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဇော်ရော်က“ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ တိုင်းရင်းသားတွေရဲ့ မူလ အခွင့်အရေး အဲဒီကိစ္စကို သူတို့က သဘောတူပါတယ်၊ ဒါတွေက ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စတွေပါတဲ့၊ ခေတ်အဆက်ဆက်မှာ သူတို့ မလုပ်လာခဲ့တဲ့ ကိစ္စတွေပေါ့၊ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါတဲ့၊ အဲဒီလိုဆိုတော့ ဆွေနွေးပွဲကတော့ လမ်းပွင့်တဲ့သဘောပါပဲ”ဟု ဧရာဝတီ သို့ ပြောသည်။
KIO က ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း“ပြည်ထောင်စုကြီး တည်ငြိမ်အေးချမ်းရေး အတွက် တိုင်းရင်းသားများ၏ မူလရပိုင်ခွင့်များနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များကို အလေးအနက်ထားကာ နိုင်ငံရေး ဆွေးနွေးမှုများ ဖော်ဆောင် သွားရန် လိုလားပါ သည်”ဟု ရေးသားထားသည်။
၂၀၁၁ ခုနှစ် ဇွန်လ ၉ရက်မှ စတင်၍ အစိုးရက များပြားလှသည့် စစ်အင်အားများ အသုံးပြုမှုကြောင့် အပြုတ်တိုက် ချေမှုန်းရေး စစ်ပွဲ အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယနေ့တွေ့ဆုံမှုသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက်နေ့က ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည့်နောက်ဆက်တွဲ အဖြစ် တွေ့ဆုံကြခြင်း ဖြစ်သည်။
အစိုးရက လက်နက်ကိုင် ပဋိပက္ခများ ဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည် နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြီးခဲ့သည့်နှစ် သြဂုတ်လဆန်းပိုင်းက ကမ်းလှမ်းခဲ့သည်။
ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (NDAA)၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း( SSA-S )၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ချင်း အမျိုးသား တပ်ဦး (CNF) တပ်ဖွဲ့ တို့က သဘောတူ လက်မှတ်ရေးထိုး ထားကြသည်။
KIO/KIA အား တိုက်ခိုက်နေမှုများ ရပ်ဆိုင်းရန် မကြာသေးမီက သမ္မတ၏ ညွှန်ကြားချက် ထွက်ပေါ်လာသော်လည်း တိုက်ပွဲများ ရပ်တန့်ခြင်း မရှိသေးပေ။ သို့သော် နှစ်ဖက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသောကြောင့် စစ်ပြေး ဒုက္ခသည် ၆၀၀၀၀ ခန့် အိုးမဲ့ အိမ်မဲ့ ဘဝဖြင့် ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း KIA က ထုတ်ပြန်ထားသည်။