စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်က တိုင်းရင်းသားအရေးသည် အရေးအကြီးဆုံး နှင့် စိတ်ဝင်စားမှု အရှိဆုံးဟု ပြောဆိုသည်။
“ကျနော်တို့နိုင်ငံအတွက် အရေးအကြီးဆုံး Challenge(စိန်ခေါ်မှု)က တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပဲ”ဟု ဦးခင်ညွန့်က ပြည်တွင်း ရှိ မြန်မာတိုင်း(မ်) ဂျာနယ်နှင့် တွေ့ဆုံခန်းတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။
တိုင်းရင်းသား အဖွဲ့အစည်းများ အားလုံးနှင့် ငြိမ်းချမ်းရေး တပြေးညီ ဖော်ဆောင်မှု ဖြစ်ထွန်းမှ တိုင်းရင်းသား စည်းလုံးညီညွတ် ရေး ရရှိမည်ဖြစ်သောကြောင့် ယင်းကိစ္စသည် နံပါတ် ၁ ဦးစားပေးလုပ်ရမည်ဟု ပြောဆိုခဲ့ပြီး တိုင်းရင်းသား အဖွဲ့များနှင့် ဆက် ဆံ လာခဲ့သည့်အလျောက် တိုင်းရင်းသား အရေးကို စိတ်ဝင်စားမှု အရှိဆုံးဖြစ်ကြောင်း၊ ယခုအထိ မည်သူကမျှ အကြံဉာဏ် တောင်းခြင်း မရှိကြောင်း အကြံဉာဏ်တောင်းခံလာပါက အဆင်သင့်ရှိကြောင်းလည်း ဦးခင်ညွန့်က ထည့်သွင်းပြောဆိုသည်။
“တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လက်နက်မကိုင်တဲ့ တိုင်းရင်းသားတွေရော သူတို့ ရဲ့ပင်ကို စရိုက်က အင်မတန်ရိုးသားပါတယ်။ သူတို့နဲ့ အကြာကြီးပဲ အဘဆက်ဆံခဲ့တာ။ အခု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတယ်ဆိုတာ အင်မတန် ကောင်းပါတယ်။ အောင်လည်းအောင်မြင်စေချင်တယ်”ဟု သူက ဆိုသည်။
ဦးခင်ညွန့်သည် တာဝန်ယူစဉ်ကာလက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သော “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA)၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) စသည့်အဖွ့ဲ(၁၇)ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး ဖော်ဆောင် ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်လည်း ငြိမ်းချမ်းရေးစကားပြောခြင်းကိုလည်း ဆောင်ရွက်ခဲ့သည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလက ဦးခင်ညွန့်ကို အမိန့်မနာခံမှု၊ အဂတိလိုက်စားမှု အကြောင်းပြချက်များဖြင့် တာဝန်မှဖယ်ရှား၍ တရားစွဲဆိုကာ ဆိုင်ငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်ချမှတ်ပြီး နေအိမ်အကျယ်ချုပ် ချခဲ့ပြီးနောက်ပိုင်း တချို့သော တိုင်းရင်း သားအဖွဲ့များနှင့် အစိုးရတို့ကြား သဘောတူညီမှုများ ပျက်ပြားခဲ့ရသည်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သော အစိုးရ လွတ်ငြိမ်းချမ်းသာခွင့် အရ လွတ်မြောက်လာသူ ၆၅၁ ဦးတွင် ပါဝင်ခဲ့သည်။
ဇန်နဝါရီ ၁၇ ရက်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် နဝဒေးလမ်းရှိ ၎င်း၏ နေအိမ်တွင် ဦးခင်ညွန့်က လွတ်မြောက်လာခြင်း အတွက် အလွန်အံ့အားသင့်ကြောင်း၊ သမ္မတကြီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောဆိုပြီး ယခု လွတ်မြောက်ပြီးနောက်ပိုင်း မိသားစုစီးပွားရေးနှင့်ပတ်သက်၍ ကိုယ်ပိုင်စီးပွားရေး မရှိကြောင်း၊ သို့သော် အဆင်ပြေ သွားမည်ဟု မျှော်လင့်ကြောင်းများကိုလည်း ပြောဆိုသည်။
“သားတွေရဲ့လုပ်ငန်းတွေလည်း မရှိဘူး။ အဘမှာလည်း ဘာစီးပွားရေးလုပ်ငန်းမှ မရှိပါဘူး။ စီးပွားရေးပုဂ္ဂိုလ်ကြီးတွေနဲ့ ပေါင်း ပြီး ဖက်စပ်လုပ်ထားတဲ့ လုပ်ငန်းလည်း မရှိပါဘူး။ ဘယ်မှာမှ ရှယ်ယာ ဝင်ထားတာလည်း မရှိဘူးလေ”ဟု သူက ဆိုသည်။
ဦးခင်ညွန့်က သမ္မတဦးသိန်းစိန် အစိုးရသစ်တက်လာပြီးနောက်ပိုင်း အရှိန်အဟုန်ဖြင့်ပြောင်းလဲမှုနှင့်ပတ်သက်၍ သမ္မတနှင့် လွှတ်တော်ဥက္ကဌတို့၏ နောက်ကြောင်းမပြန်ဟု ပြောဆိုသည့် ကတိစကားများကို ယုံကြည်ကြောင်းလည်း ထည့်သွင်းပြော ဆိုခဲ့သည်။
သို့သော် နိုင်ငံရေးလုပ်ရန် မရည်ရွယ်သော်လည်း လူမှုရေးလုပ်ငန်းများလုပ်မည်ဖြစ်ကြောင်း၊ တိုင်းပြည် သာယာတိုးတက်ရေး တို့အတွက် ပုဂ္ဂလိက စွမ်းဆောင်မှုအနေဖြင့်သာ လုပ်ဆောင်သွားရန် ရှိကြောင်းလည်း သူက ဆိုသည်။
“အခုကတော့ Seven Steps က ပြီးမြောက်သွားပြီလေ။ ပြီးမြောက်သွားပြီ ဆိုတော့ အောင်မြင်တယ်လို့ပဲ ယုံကြည်တယ်။ အောင်မြင်သွားပြီပေါ့”ဟု ဦးခင်ညွန့်က ဆိုသည်။
ဦးခင်ညွန့်သည် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ လမ်းစဉ် ၇ ရပ်ဟု ဆိုသော(Seven Stepts Road Map) လမ်းပြမြေပုံ ၇ ဆင့်ကို ၂၀၀၃ ခုနှစ်အတွင်းက ထုတ်ပြန် ကြေညာခဲ့သူ ဖြစ်သည်။
ဆက်လက်ပြီး ဦးခင်ညွန့်က“အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်တွေပေါ်မှာ မူတည်ပါတယ်။ မြန်မြန်ဆန်ဆန် အကောင် အထည် ဖော်ရင် မြန်မြန်ဆန်ဆန် အကောင်အထည် ပေါ်တာပဲပေါ့။ ဘေးကပံ့ပိုးမှု လိုတယ်။ ပြည်သူတွေရဲ့နားလည်မှု လို တယ်။ အဓိက ကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ နိုင်ငံတော်အစိုးရပါ။ အစိုးရရဲ့လုပ်ကိုင် ဆောင်ရွက်မှုပေါ်မှာ မူတည်ပြီး အောင်မြင်တယ်ဆိုတဲ့ အနေအထားမျိုး ရှိတာပေါ့လေ”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူခြင်း(Sanction) နှင့်ပတ်သက်၍လည်း ဦးခင်ညွန့်က အဆိုပါ ကိစ္စသည် တိုင်းပြည်နစ်နာကြောင်း၊ ရုပ်သိမ်းရန် လိုအပ်ကြောင်း၊ တိုင်းပြည်ပြုပြင်ပြောင်းလဲသည့် အခြေအနေ တဆင့်ချင်း တိုးတက်လာသည်နှင့်အမျှ သက်ဆိုင်ရာ နိုင်ငံများကလည်း ဒဏ်ခတ်မှု ရုပ်သိမ်းရေး စသည်တို့ကို တိုးမြှင့် ဆောင်ရွက်ရန် တိုက်တွန်းပြောခဲ့သည်။
“အမေရိကန်နိုင်ငံရော၊ နောက်လည်းလာဦးမယ့် အီးယူနိုင်ငံတွေရော၊ အာဆီယံနိုင်ငံတွေရော အခုလို မြန်မာနိုင်ငံကို တိုး တက် ဖွံ့ဖြိုးလာအောင် ကိုယ်ချင်းစာစိတ်နဲ့ပေါ့လေ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက် စားဝတ်နေရေးကအစ အဆင့်မြင့် လာအောင် အခုလိုပံ့ပိုးကူညီမှုတွေပေးမယ်လို့ ဆောင်ရွက်နေတာတွေ နောက်တဆင့်တိုးပြီးပေးလာပါလို့ တောင်းဆိုချင် ပါတယ်”ဟုလည်း သူက ဆိုထားသည်။
ထို့အပြင် ဦးခင်ညွန့်က“Sanction က မြန်မြန်ရုပ်သိမ်းလေ ပြည်သူအတွက် ပိုပြီးတော့ အခွင့်အလမ်းတွေ ဖြစ်ထွန်း လေပဲ။ Sanction လုပ်ထားတဲ့အတွက် စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေလည်း အကန့်အသတ်နဲ့လုပ်ထားရတာ။ နံပါတ်(၂)ကစီးပွား ရေး။ စီးပွားရေးကောင်းမှ ပြည်သူတွေရဲ့ဘ၀ ဖူလုံမှာပေါ့။ ပြည်သူတွေရဲ့ဘ၀ မြင့်မားမှာပေါ့။ စီးပွားရေးမှာ ကျနော်တို့ မြန်မာ နိုင်ငံက သိပ်မကောင်းဘူး”ဟု ဆိုသည်။
သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍လည်း ဦးခင်ညွန့်က လိုလားကြောင်း ပြောဆိုခဲ့သည်။
“ပိုပြီး ပွင့်လင်းလာတာ ပိုကောင်းတာပေါ့။ ပွင့်လင်းမှုကို လိုလားတယ်။ မျှော်လင့်တယ်။ အခု ဆက်သွယ်ရေးစနစ်က အရမ်းကောင်း နေပြီ။ ဖုန်းလေးတချက် ဆက်ပြီး ကျနော် ဘာပြောချင်တယ်၊ လာပါဦးဆို ချက်ချင်း ပေါက်ချလာမယ် မဟုတ်လား”ဟု သူက ဆိုသည်။
ဦးခင်ညွန့်သည် ယခင် အာဏာရှင်ဟောင်း ဦးနေဝင်း၏ လက်ရင်းလူယုံတဦးဖြစ်ပြီး စစ်ထောက်လှမ်းရေးအကြီးအကဲ ဖြစ် လာ ခဲ့သည်။ ထို့နောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှုတွင်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ညဉ်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း စသည့် လုပ်ရပ်များနှင့် ပတ်သက်ပြီး တာဝန်ရှိသူအဖြစ် အများကပြောဆိုကြ သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့(နဝတ) စစ်အစိုးရ၏ အတွင်းရေးမှူး(၁) တာဝန်ယူခဲ့သည်။ ထို့နောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင် စီ(နအဖ) စစ်အစိုးရ လက်ထက်၌ ဝန်ကြီးချုပ်တာဝန် ယူခဲ့သူလည်း ဖြစ်သည်။