မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခန့်အပ်ရေးသည် သင့်လျော်မည့်သူ ရွေးချယ်ရေး၊ အမေရိကန် လွှတ်တော် အတည်ပြုချက် ရယူရေးတို့ လုပ်ဆောင်ရမည့်အတွက် လနှင့်ချီ အချိန်ယူရန်လိုသည်ဟု အမေရိကန် အစိုးရက ပြောဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းက “ဒီ လုပ်ရမယ့် အဆင့်ဆင့်ဟာ ရှုပ်ထွေးပြီး မှန်မှန်ကန်ကန်ဖြစ်ဖို့ အရေးကြီးပါတယ်။ သီတင်းတပတ် နှစ်ပတ်လောက်နဲ့ မဖြစ်နိုင်ပါဘူး၊ ပုံမှန်အားဖြင့် နှစ်လမက ကြာနိုင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမေရိကန်အနေဖြင့် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ရန် ဆန္ဒရှိသည်ဟု ကြေညာခဲ့သည်။
သံအမတ်ခန့်အပ်မည့်သူကို သမ္မတက ရွေးချယ်ပြီး အမည်စာရင်း တင်သွင်းရန် လိုကြောင်း၊ ရွေးချယ်ထားသူကို လွှတ်တော်က အတည်ပြုရန်လိုကြောင်း၊ သံအမတ်ရွေးချယ်ရေးကို စတင်လုပ်ဆောင်ဆဲဖြစ်ကြောင်း ဗစ်တိုးရီးယား နုလန်းက ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့က လွှတ်ပေးလိုက်သည့် နိုင်ငံရေးအကျဉ်းသား စာရင်းကို မြန်မာအစိုးရထံ စုံစမ်းမေးမြန်းထားပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နှိုင်းယှဉ်ကြည့်ဦးမည်ဟု သိရသည်။