ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နေပြည်တော် နှင့် ရန်ကုန်တွင် ထွက်ပေါ်နေသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော မြန်မာပြည်သို့ ပြန်တော့မည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း မိသားစုက ပြောဆိုလိုက်သည်။
“စိတ်ကူးရင်တောင် အခု အခြေအနေနဲ့က ပြန်ဖို့ မလွယ်ပါဘူး၊ တချို့ကလည်း ဖုန်းဆက်ပြီး၊ ပြန်လာဖို့ ပြောကြတယ်” ဟု သမီးဖြစ်သူ ဒေါက်တာ လှကျော်ဇောက ဧရာဝတီသတင်းဌာနကို ရှင်းပြသည်။
ဗိုလ်မှူးချုပ်ကျော်ဇော အပါအဝင် နှင့် မိသားစုဝင် တချို့မှာ ဗမာပြည် ကွန်မြူနစ်ပါတီဝင်များအဖြစ် ရပ်တည်နေဆဲဖြစ်ကြောင်း၊ မြန်မာအစိုးရက ကွန်မြူနစ်ပါတီအား မတရားအသင်းအဖြစ် သတ်မှတ်ထားသောကြောင့် မြန်မာပြည်ပြန်ရေး မလွယ်ကူသေးကြောင်း ဒေါက်တာ လှကျော်ဇောက ဆက်ပြောသည်။
ပြည်ပရောက်နေသူများ မြန်မာနိုင်ငံသို့ ပြန်လာကြရန် သမ္မတဦးသိန်းစိန်က ၂၀၁၁ သြဂုတ်လလယ်ပိုင်းက အခမ်းအနားတခုတွင် မိန့်ခွန်းပြောစဉ် ထည့်သွင်း ပြောဆိုခဲ့သည်။
သမ္မတ၏ ကမ်းလှမ်းချက်အပြီး ၅ လ အတွင်း ပြည်ပရောက် နိုင်ငံရေးသမား အနည်းငယ် ပြည်တော်ပြန်ခဲ့ကြသော်လည်း ထိုအထဲတွင် တရုတ်နိုင်ငံအတွင်း နေထိုင်နေကြနေသော ဗမာပြည် ကွန်မြူနစ်ပါတီဝင်များ ပါဝင်ခြင်း မရှိပေ။
အသက် ၉၂ နှစ် အရွယ်ရှိ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် နေထိုင်လျက်ရှိသည်။
NLD ပါတီ နာယက ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် သူ၏ ဆရာသမားတဦး ဖြစ်သည့် အပြင် ရဲဘော်သုံးကျိပ်ဝင် နောက်ဆုံးလက်ကျန် နှစ်ဦးအနက် တဦးဖြစ်သောကြောင့် မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လာစေလိုကြောင်း မကြာသေးမီက ထုတ်ဖော်ပြော ကြားခဲ့သေးသည်။
ပဲခူးတိုင်း သာယာဝတီခရိုင် ဆိုင်းစုရွာ ဇာတိ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် နယ်ချဲ့ဆန်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။
ကိုလိုနီခေတ်က ဟိုင်နန်ကျွန်းသို့ သွားရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ စစ်ပညာ သင်ယူခဲ့ပြီးနောက် မြန်မာ့ သမိုင်းတွင် ထင်ရှားသည့် ရဲဘော်သုံးကျိပ်ဝင်တဦး ဖြစ်လာသည်။
ဂျပန်တော်လှန်ရေး ကာလတွင်း စစ်တောင်းမြစ် အရှေ့ဘက်ခြမ်း တိုင်းအမှတ် ၄ စစ်ရေးခေါင်းဆောင်တဦး အဖြစ် တာဝန်ယူရသည်။
လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်အစပိုင်း တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူစဉ် KNDO တပ်များ ဝန်းရံထားသည့် ရန်ကုန်မြို့ကို ကာကွယ်နိုင်ခဲ့ပြီး၊ ပဲခူး၊ ဖြူး၊ တောင်ငူမြို့များကို ဆက်လက် သိမ်းယူနိုင်ခဲ့သည်။
၁၉၅၄ ခုနှစ်တွင် ကျူးကျော်သူ ကူမင်တန် တရုတ်ဖြူတပ်များကို မြန်မာပြည်မှ မောင်းထုတ်နိုင်ခဲ့သည့် ဘုရင့်နောင်စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။
၁၉၅၇ ခုနှစ်တွင် စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားသည်ဟု စွပ်စွဲခံရပြီး တပ်မတော်မှ ထုတ်ပယ်ခြင်းခံရသည်။
ထိုနောက် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဦးဆောင်မှုဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ တရုတ်မြန်မာနယ်စပ်သို့ ထွက်ခွာသွားခဲ့သည်။