ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ထားခဲ့ကြသည့် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား နိုင်ငံရေးပါတီများသည် လာမည့် ဖေဖော်ဝါရီလ အတွင်းပြန်လည်မှတ်ပုံတင်ကြမည်ဟု ကြားသိရသည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ရှမ်း၊ ရခိုင်၊ မွန်၊ ချင်း အစရှိသည့် တိုင်းရင်းသားပါတီများသည် တရားဝင်နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်မည် ဖြစ်သော်လည်း ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ဝင်ပြိုင်မည် မဟုတ်ဟု ပါတီခေါင်းဆောင်များက ဆိုသည်။
“ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုမရည်ရွယ်သေးပါဘူး။ အမျိုးသား အရေးနဲ့ ဒီမိုကရေစီ အရေးတွေကို တရားဝင်လုပ်နိုင်ဖို့အ တွက်ပါ” ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် (ALD) ပါတီ၏ ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
ရှမ်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ဇိုမီး အမျိုးသားကွန်ဂရက် (ZNC)၊ မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (MNDF) စသည့်ပါတီတို့သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ဖျက်သိမ်းခံခဲ့ကြရသည်။
SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ဒုတိယအများဆုံးနှင့် ALD ပါတီက တတိယအများဆုံး အနိုင်ရခဲ့ကြသည်။ ရခိုင်၊ မွန်၊ ဇိုမီး ပါတီတို့အား ၁၉၉၃ ခုနှစ်တွင် ယခင် နဝတ အစိုးရက ဖျက်သိမ်းခဲ့သည်။
SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ ပြန် လည်လွတ်မြောက်လာခြင်း၊ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ တချို့ ပြင်ဆင်လိုက်သည့်အတွက် ပါတီ မှတ်ပုံ တင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မှတ်ပုံတင်ဖို့တော့ ရှိပါတယ်၊ ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး” ဟု SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြော သည်။
SNLD ပါတီအနေဖြင့် အချိန်အတိအကျ မသတ်မှတ်ရသေးကြောင်း၊ ရခိုင်ပါတီ၊ မွန်နှင့် ဇိုမီးပါတီတို့ကမူ ဖေဖော်ဝါရီလဆန်း ပိုင်းတွင် မှတ်ပုံတင်ရန် ရှိကြောင်း ဦးအေးသာအောင်က ဆိုသည်။
SNLD ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးသည် ဇန်န်ဝါရီလ ၁၃ ရက်နေ့တွင် တောင်ငူထောင်မှ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းအား ကြားဖြတ်ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ရှမ်းတိုင်းရင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ခေါ် ကျားဖြူပါတီက ဖိတ်ခေါ်ကမ်းလှမ်းခဲ့သော်လည်း ဦးခွန်ထွန်းဦးက ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ရှမ်းပါတီ နှစ်ခုသည် လတ်တလောတွင် ပူးပေါင်းရန် အစီအစဉ်မရှိသော်လည်း အမျိုးသားရေး ကိစ္စများကို ပူးပေါင်း ဆောင် ရွက်သွားမည် ဖြစ်ကြောင်း SNDP ပါတီ၏ ပြောခွင့်ရသူက ဆိုသည်။
ရခိုင်ပါတီဖြစ်သည့် ALD ကိုလည်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP )ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် က တရားဝင် ကမ်းလှမ်းထားကြောင်း၊ သို့သော် ပေါင်းစည်းရေး ကိစ္စကို ပါတီမှတ်ပုံတင်ပြီးသာ ဆောင်ရွက်သွားကြမည်ဟု ဦး
အေးသာအောင် က ဆိုသည်။
မွန်ပြည်သူများနှင့်မွန်ဘုန်းတော်ကြီးများ၏ တိုက်တွန်းမှု ကြောင့် မွန်ပါတီ နှစ်ခုသည်လည်း ပူးပေါင်းသွားမည်ဟု မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ( MNDP ) ၏ ဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း က ပြောသည်။