မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ဖြေလျှော့ပေးစေလိုပြီး တဖြည်းဖြည်း ရုပ်သိမ်းသွားစေလိုကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုလိုက်သည်။
နေပြည်တော်၌ဇန်နဝါရီလ ၁၇ ရက်နေ့က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံမေးမြန်းပြီး ဝါရှင်တန်ပို့စ်သတင်းစာက ယနေ့ ဖော်ပြသည့် အင်တာဗျူးတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပိတ်ဆို့အရေးယူမှုသည် အစိုးရကို မထိခိုက်ဘဲ ပြည်သူလူထု၏ အကျိုးစီးပွားကိုသာ ထိခိုက်စေကြောင်းလည်း ပြောထားသည်။
“ပိတ်ဆို့အရေးယူမှုတွေဆိုတာ အစိုးရကို ထိသွားစေဖို့ ရည်ရွယ်တာပဲ။ တကယ်မှာက ပြည်သူ့အကျိုးစီးပွားကိုသာ သွားထိတယ်။ အရင် အစိုးရအပေါ် ဘာမှ သက်ရောက်မှု မရှိခဲ့ဘူး။ လမ်းပြမြေပုံအဆင့်ဆင့်ကြောင့်သာ နိုင်ငံအတွက် ဒီမိုကရေစီစနစ်ကို လွှဲပြောင်းပေးနိုင်ခဲ့တယ်” ဟု သမ္မတ ဦးသိန်းစိန်က ပိတ်ဆို့အရေးယူမှု အလုပ်ဖြစ်မဖြစ် ဝါရှင်တန်ပို့စ်၏ မေးခွန်းကို ဖြေကြားသွားသည်။
၂၀၀၄ ခုနှစ်တွင် လမ်းပြမြေပုံ ၇ ချက်ကြောင့် တိုင်းပြည်တွင် ဒီမိုကရေစီ ဖော်ဆောင်နိုင်သည်ဟု ဆိုလိုခြင်း ဟုတ်မဟုတ် ဝါရှင်တန်ပို့စ်က ထပ်မံအတည်ပြု မေးမြန်းခဲ့ရာ ဟုတ်မှန်ကြောင်း၊ တဆင့်ပြီးတဆင့် လိုအပ်ချက်အရ အကောင်အထည်ဖော်ခဲ့သောကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်လာကြောင်း သမ္မတ ဦးသိန်းစိန်က ဖြေကြားသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလည်းရေး နောက်တဆင့်နှင့် ပတ်သက်၍ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ကြောင်း၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရန် လိုအပ်သည့် ဥပဒေ ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်နေကြောင်း၊ ပိတ်ဆို့အရေးယူမှုများ မရှိမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောသည်။
တွေ့ဆုံမေးမြန်းခန်းတွင် သမ္မတ ဦးသိန်းစိန်က ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာ ၃ သန်းခန့်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဆင်ရဲနွမ်းပါးမှုနှုန်း ၂၆ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ဤသည်မှာ အနှစ် ၂၀ နီးပါး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့်ဖြစ်ကြောင်း ပြောဆိုသွားသည်။
သမ္မတအပေါ် စစ်တပ်က လွှမ်းမိုးမှု ရှိမရှိနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သမ္မတက ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်ခွင့်ရှိကြောင်း ဖော်ပြထားသည်ဟု ဦးသိန်းစိန်က ပြောသည်။ ယခုလက်ရှိ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာမူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာထိန်းချုပ်စဉ်က ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် အချိန်ယူရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နျူကလီးယားအရေး စွပ်စွဲမှုများအတွက် နိုင်ငံတကာ အနျူမြူစွမ်းအင် အေဂျင်စီက ဝင်ရောက်စစ်ဆေးရန် လွှတ်တော်၏ သဘောတူညီချက် လိုကြောင်းတို့ကိုလည်း အင်တာဗျူးတွင် ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်၏ ဝါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျူးသည် နိုင်ငံခြားမီဒီယာတခုနှင့် ပထမဆုံး တွေ့ဆုံမေးမြန်းမှု ဖြစ်သည်။
ဆက်စပ်သည့် သတင်းများ
EU ပိတ်ဆို့ ဒဏ်ခတ်မှုများ ရုပ်သိမ်းဖွယ်ရှိ
သမ္မတ ဦးသိန်းစိန် ပြောင်းလဲရေးသမား အစစ်ဟု မက်ကော်နယ်ပြော