စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာပြီးနောက် သတင်း မီဒီယာတွေနဲ့ တွေ့ဆုံပြောဆိုချက်တွေ အပေါ် လူအများကြား ဝေဖန် ပြောဆိုနေကြပါတယ်။

ဦးခင်ညွန့်က တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့ အကြောင်းတွေ စုံအောင်ပြောဆိုနေတဲ့ အပြင် အရင် ရာထူး အာဏာရှိစဉ်တုန်းကလို “အဘ” ဆိုတဲ့ အသုံးအနှုန်း သုံးနေဆဲအပေါ်မှာလည်း“ဒီစကားလုံးကို အခုအထိ မချ သေးဘူး။ စစ်အရေခွံချွတ်ပြီး အယောင်ဆောင်နေတဲ့ ဖားတပိုင်း၊ ငါးတပိုင်း။ ပုတ်သင်ညိုလို အရောင်ပြောင်းတတ် သူ။ စစ်အုပ်စုရဲ့ တမန်”စတဲ့ ပြောဆို ဝေဖန်သံတွဟာ အင်တာနက် စာမျက်နှာပေါ်က ဦးခင်ညွန့်နဲ့ပတ်သက်တဲ့ သတင်းတွေ၊ အင်တာဗျူးတွေမှာ ဝင်ရောက် ရေးသားကြတဲ့ သဘောထား ထင်မြင်ချက်၊ မှတ်ချက်တွေမှာ အများဆုံးတွေ့နေရပါတယ်။
ဦးခင်ညွန့် ပြန်လွတ်လာတဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်နေ့က အောက်ပိုင်းက ကာကီရောင် ဘောင်းဘီနဲ့ အပေါ်က တီရှပ် ဝတ် ထားတာကို တွေ့ရလို့ အရပ်ဝတ် တပိုင်း၊ ယူနီဖောင်း တပိုင်းနဲ့လို့ ပြောဆိုသံတွေလည်း ရှိပါတယ်။
အရင် ဦးခင်ညွန့် တန်ခိုးထက်နေတဲ့ စစ်ထောက်လှမ်းရေး ခေတ်၊ စစ်အစိုးရနဲ့ စစ်အုပ်စုတွေ ကြီးစိုးတဲ့ ခေတ်ကနေ အခု အချိန် အထိပင် တပ်တွင်း ရာထူးတာဝန် ကြီးငယ်အဆင့်ဆင့်အရ သုံးနှုန်းတဲ့ အခေါ်အဝေါ်မှာ “အဘ” ဆိုတဲ့ စကားလုံးဟာ ရေပန်းစား၊ တွင်ကျယ်ခဲ့ပါတယ်။ အသက်အရွယ် အပေါ် မူမတည်ဘဲ ကြောက်ရွံ့ ရိုသေရသူ၊ လုပ်ပိုင်ခွင့် အာဏာ ထက်သူ တဦးကို ခေါ်ဝေါ် သုံးစွဲရတာလို့လည်း စစ်တပ် အသိုင်းအဝိုင်းကနေ သိရပါတယ်။
အခုဆိုရင် ဦးခင်ညွန့် အသက်ဟာ ၇၀ ကျော်ပြီလို့ ဆိုပါတယ်။ ဒီအသက်အရွယ်အရ ဆိုရင်တော့ “အဘ”ဆိုတဲ့ အသုံးအနှုန်း ဟာ လျော်ကန် သင့်မြတ်ပါတယ်လို့ သတင်းသမား တဦးကတော့ ပြောပါတယ်။
ဒါပေမယ့် သဘောထား မှတ်ချက်တခုမှာတော့ အခုလို“အဘ” အပါအဝင် သုံးနှုန်း ပြောဆိုနေတာတွေဟာ“စိတ်ဓာတ် စစ်ဆင်ရေး အရ ဖြစ်နိုင်တယ်၊ စစ်ထောက်လှမ်းရေးတွေက စိတ်ဓာတ်စစ်ဆင်ရေးမှာ နောကြေနေပြီ၊ လူထုနဲ့ မီဒီယာကို ဘာပြောရမယ် ဆိုတာ လောက်က အသေးအမွှား”ဆိုပြီး ရေးထားတာလည်း တွေ့ရပါတယ်။
တိုင်းရင်းသားအရေးနဲ့ ပတ်သက်တဲ့ ဦးခင်ညွန့်အပေါ် သဘောထားမှတ်ချက် တခုမှာ“နဝတ အာဏာသိမ်းခါစက KNU ကို အပြုတ် တိုက်မယ်လို့ ကျုံးဝါးဖူးတယ်”လို့ ရေးထားတာ တွေ့ရလို့ ၂၀၀၄ ခုနှစ်လောက်တုန်းက KNU နဲ့ ငြိမ်းချမ်းရေး လမ်းခင်းခါစမှာ KNU က ဗိုလ်ချုပ်ကြီး စောဘိုမြ ကို ဦးခင်ညွန့်က“ဖထီး”(ဦးလေး)လို့ ခေါ်လိုက်ပြီး သူ့ကိုယ်သူတော့ “ဖိုးဒို”(တူလေး)လို့ သုံးခဲ့တာကို သတိထား မိခဲ့ပါတယ်။
ဦးခင်ညွန့် တာဝန်ယူစဉ်ကာလက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ “ဝ”ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) စတဲ့ အဖွ့ဲ ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး ဖော်ဆောင်ခဲ့ပြီးတော့ ကရင်အမျိုးသားအစည်းအရုံး(KNU)နဲ့ လည်း ငြိမ်းချမ်းရေးစကားပြောတာတွေကို လုပ်ခဲ့တယ်။
၂၀၀၄ ခုနှစ် အောက်တိုဘာလက ဦးခင်ညွန့်ကို အမိန့်မနာခံမှု၊ အဂတိလိုက်စားမှုတွေနဲ့ ရာထူးက ဖယ်ရှားပြီး တရားစွဲဆိုကာ ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်နဲ့ နေအိမ်အကျယ်ချုပ် ချခဲ့ပြီးနောက်ပိုင်း တချို့တိုင်းရင်း သားအဖွဲ့တွေနဲ့ အစိုးရ ကြား သဘောတူညီမှုတွေ ပျက်ပြားခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
သူဟာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ လက်ရင်း လူယုံတဦးဖြစ်ပြီးနောက် စစ်ထောက်လှမ်းရေးအကြီးအကဲ ဖြစ်လာခဲ့တာပါ။
သူ့ကို ၁၉၈၈ ခုနှစ်က လူထု အုံကြွမှုတွေမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ညဉ်းပန်းနှိပ်စက်ပြီး ဖမ်းဆီးထောင်ချတဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တာဝန်ရှိသူအဖြစ်လည်း အများက ပြောဆိုခဲ့ကြပါတယ်။
ဦးခင်ညွန့်ဟာ ၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့(နဝတ) စစ်အစိုးရ အတွင်းရေးမှူး(၁) တာဝန်၊ အဲဒီနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ(နအဖ) စစ်အစိုးရ လက်ထက် ဝန်ကြီးချုပ် တာဝန်တွေကို ယူခဲ့သူလည်း ဖြစ်ပါတယ်။
ဆက်စပ်သတင်းများ
တိုင်းရင်းသားအရေး အရေးအကြီးဆုံးဟု ဦးခင်ညွန့် ပြော
ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်ကို ဦးခင်ညွန့် ကြိုဆို