မကြာသေးခင်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာသူတွေ ထဲမှာ နာမည်ကြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေတင် မကဘဲ အရင် စစ်အစိုးရလက်ထက်က တန်ခိုးထွားခဲ့တဲ့ စစ်ထောက်လှမ်းရေး ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ပါ ပါဝင်လာလို့ လူတွေ တအံ့တသြ ဖြစ်ကြရပါတယ်။
သူ လွတ်မြောက်လာတဲ့ နေ့ကစပြီး ဒီနေ့ထိ ပြည်တွင်းထုတ် သတင်းဂျာနယ်တွေရဲ့ မျက်နှာဖုံးမှာ သူ့ ဓာတ်ပုံတွေ၊ သူနဲ့ တွေ့ဆုံ မေးမြန်းခန်းတွေကို စာမျက်နှာ အပြည့် ဖော်ပြလာကြတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် facebook စာမျက်နှာတွေမှာလည်း သူ့ အင်တာဗျူးတွေကို သူသူငါငါ တင်လာကြတာကြောင့် ဝေဖန်သံတွေလည်း ညံပါတယ်။
မြန်မာသံ တေးသီချင်းတွေကို နှစ်သက်မြတ်နိုးသူလို့ လူအများပြောကြတဲ့ ဦးခင်ညွန့်ဟာ မြန်မာ့ရိုးရာ ဆိုကရေးတီး ပြိုင်ပွဲတွေကိုလည်း စတင်ဖော်ထုတ် ကျင်းပပေးတဲ့ ပိုင်အိုးနီးယားကြီး ဖြစ်တဲ့အပြင် မြန်မာသံ အနုပညာသမားတွေကို နေရာပေး လုပ်ကိုင်ခွင့်တွေ ပေးထားသူလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့့် သူလွတ်မြောက်လာစဉ် သွားရောက် တွေ့ဆုံသူတွေထဲမှာ မြန်မာသံ အနုပညာ သမားတွေလည်း ပါဝင်တာ တွေ့ရပါတယ်။
ဦးခင်ညွန့် တန်ခိုးသြဇာ ကြီးမားစဉ် ၂၀၀၃ ခုနှစ် အရှေ့ပိုင်းကာလတွေက မြန်မာ့ရုပ်မြင်သံကြား ညပိုင်း ၈ နာရီ သတင်း အစီအစဉ်မှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို နေ့စဉ်မပြတ် ပြသ လွန်းအားကြီးတဲ့အတွက် ၈ နာရီ သတင်း မင်းသား၊ တီဗီ မင်းသား လို့လည်း ပရိသတ်က ခေါ်ခဲ့ကြပါသေးတယ်။
အဲဒီလို ည ၈ နာရီသတင်းမှာဖော်ပြပြီးလို့ မနက်ပိုင်း သတင်းစာရဲ့ မျက်နှာဖုံးတွေမှာလည်း သူ့ပုံတွေ ချည်းပဲ ဖြစ်နေတာကြောင့် လူရွှင်တော် ဇာဂနာကတောင် သတင်းစာဖတ်နေတဲ့အချိန် သူ့ရဲ့ ဘေးမှာ ရေထည့်ထားတဲ့ ရေပုံးတပုံးထဲ ရေခွက်ထည့်ထား၊ အဲဒီရေခွက်ကို ရေပုံးထဲနှစ်လိုက် သတင်းစာ တရွက်လှန်လိုက်၊ ခွက်က ရေထဲကနေ ပြန်ပေါ်လာတော့ “သြော် … ပေါ်လာပြန်ပြီ ဒီ … ခွက်” ဆိုပြီး ပြက်လုံးထုတ် နောက်ပြောင် ပြောဆိုခဲ့ဖူး ပါသေးတယ်။
အခုတော့ ဦးခင်ညွန့်ကို ပြက်လုံးထုတ်ခဲ့သူ၊ စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခံဖူးသူ၊ ခေါ်ယူသတိပေး ခံဖူးသူ ကိုဇာဂနာ ကိုယ်တိုင် ဦးခင်ညွန့်ကို သွားတွေ့၊ နှုတ်ဆက်ခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်တာကိုခံနေရပါပြီ။ ဘာကြောင့် သူ သွားတွေ့တယ် ဆိုတာတောင် ပြန်ရှင်းပြ နေရပါတယ်။
ဘာပဲဖြစ်ဖြစ် လှုပ်တယ်လို့ ဆိုရမှာပေါ့။ ဟို ဂျာနယ်မှာလည်း သူ့မျက်နှာ၊ ဒီဂျာနယ်မှာလည်း သူ့မျက်နှာ။ သူ့ပုံတွေ ခါတော်မီ ဖော်ပြတဲ့ ဂျာနယ်တွေလည်း အရောင်းသွက်တယ်လို့ ကြားနေရပါတယ်။ ဒါပေမယ့် သူ ဦးဆောင်ခဲ့တဲ့ နာမည်ကျော် စစ်ထောက်လှမ်းရေး အဖွဲ့ကြီးကို အသက် ပြန်သွင်းမှာကိုတော့ လူတွေအားလုံးက မလိုလားကြပါဘူး။ ကျားသေကို အသက် မသွင်းနဲ့လို့ ဆိုသူတွေတောင် ရှိပါတယ်။ တချို့ကလည်း မြန်မာစိတ်ဓာတ် အရင်းခံ၊ ရိုးသားစွာနဲ့ လူတယောက်အဖြစ် ရှုမြင်ပြီး သံဝေဂရ နေကြပါတယ်။
လောလောဆယ်မှာ ဂျာနယ်မင်းသားဖြစ်နေတဲ့ ဦးခင်ညွန့်ရဲ့ ဓာတ်ပုံတွေကို ဘယ်အချိန်အထိ မြင်ရမလဲ ဆိုတာကတော့ ပရိသတ်ကြီး … စောင့်ကြည့်ပါ လို့သာ။
ဘယ်ဟာ ရှားသလဲ စံရတီမိုးမြင့်
ခုတလော facebook စာမျက်နှာထက်မှာ သရုပ်ဆောင် မော်ဒယ်လ်တဦးရဲ့ အာဘော်တခု ရေပန်းစား နေတာ တွေ့ရပါတယ်။
သူသူငါငါ facebook စာမျက်နှာတွေပေါ်မှာ အပြိုင်အဆိုင် တင်လာတဲ့ အဲဒီ အာဘော်ကတော့ “တနှစ်မှာ ဆရာဝန်ပေါင်း ထောင်နှင့် ချီပြီး ဖြစ်နိုင်ပေမယ့် အနုပညာရှင်တယောက် ဖြစ်ဖို့က မလွယ်ဘူး” ဆိုတဲ့ သရုပ်ဆောင် မော်ဒယ်လ် စံရတီ မိုးမြင့်ရဲ့ အာဘော်ပါ။
စံရတီမိုးမြင့်ဟာ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဟစ်ပ်ဟော့ပ် အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ချစ်သူ ရည်စားအဖြစ် လူသိများ နေသူဖြစ်ပြီး လွန်ခဲ့တဲ့နှစ် အနည်းငယ်လောက်ကမှ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဆယ်ကျော်သက် မော်ဒယ်လ်တဦးပါ။
စံရတီမိုးမြင့်ရဲ့ facebook စာမျက်နှာပေါ်က အဲဒီအာဘော် ရဲ့ အောက်မှာ ပရိသတ် အများအပြားရဲ့ အကြံပေးချက်တွေ၊ ဝေဖန်သံတွေကတော့ အများအပြားတွေ့နေရပြီး ဖတ်လို့လည်း ကောင်းလှပါတယ်။
စပွန်ဆာရှိရင် သရုပ်ဆောင် မင်းသမီး လုပ်လို့ရပြီလို့ လူအများ ပြောဆိုနေကြတဲ့ ခေတ်ကြီးမှာ အခုလိုမျိုး ပြောဆို လိုက်တဲ့အပေါ် ပရိသတ်တွေက အထူးအဆန်း ဖြစ်နေတာတော့အမှန်ပါပဲ။
သူ့အာဘော်အရဆိုရင်တော့ မြန်မာပြည်မှာ ဆရာဝန်တွေ ပေါတယ်လို့ ဆိုချင်တာလား၊ အနုပညာသမား ရှားတယ်လို့ ပြောလိုက်တာလား၊ အနုပညာသမားဆိုတာ ဘယ်ဟာကို ပြောတာပါလိမ့် ဆိုတဲ့ အတွေးတွေ တသီကြီး တွေးမိစေတာ ပါပဲ။
ခြေစမ်းပွဲကန်မယ့် ဇေယျာသော်
မြန်မာနိုင်ငံရဲ့ ဟစ်ပ်ဟော့ပ် လောကကို စတင်ခဲ့တယ်လို့ ပြောလို့ရတဲ့ အက်ဆစ် (Acid) အဖွဲ့သားတွေထဲက တယောက်ဖြစ်တဲ့ ဇေယျာသော်ဟာ လာမယ့် ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုယ်စားလှယ် အနေနဲ့ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ကနေပြီး ဝင်ရောက် ယှဉ်ပြိုင်မယ် ဆိုတာ အားလုံးအသိပါ။
ဇေယျာသော် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ် ဆိုတာနဲ့ တပြိုင်နက်တည်း ဝေဖန်သံတွေ၊ အကြံပြုသံတွေ၊ အားပေးသံတွေနဲ့အတူ ဆဲသံတွေ အပါအဝင် အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ညံခဲ့ပါတယ်။
သူ့အတွက် အောင်မြင်ရာ အောင်မြင်ကြောင်း ဆုတောင်းပေးကြတဲ့ ပရိသတ်တွေရှိသလို၊ ဝေဖန်ပြစ်တင်သံတွေလည်း ကြားရပါတယ်။
လူကြီးတွေ မျက်စိ စပါးမွှေးစူးခဲ့တဲ့ ဂီတသစ်တခု ဖြစ်ခဲ့တဲ့ ဟစ်ပ်ဟော့ပ် ဂီတကိုတောင် မြန်မာပရိသတ်နဲ့ မိတ်ဆက် ပေးခဲ့တဲ့ လူငယ်တယောက် အနေနဲ့ ဆဲတယ်၊ ဝေဖန်တယ်ဆိုတာတွေ ကတော့ ရိုးနေလောက်ပြီ၊ အရေထူနေပြီလို့ ထင်ပါတယ်။ ဘောလုံးကွင်းထဲ ဝင်ကစားမှတော့ ဆဲမယ့်သူ ရှိမယ်ဆိုတာ သဘောပေါက်ပြီးသား ဖြစ်နေမှာပါ။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဇေယျာသော်ကို ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခိုင်းတာဟာ ခြေစမ်းပွဲမှာ လူသစ်တန်းတွေ ထည့်ကန်လိုက်တာလို့ ယူဆမိပါတယ်။ တကယ့် ပွဲကြီးပွဲကောင်းက ၂၀၁၅ မှာ လာမှာဆိုတော့ အဲဒီ အချိန်မှာ လက်ရွေးစဉ်ကြီးတွေနဲ့ အတူ လူသစ်တန်းတွေထဲက ခြေရှိတဲ့ ကစားသမားတွေကို ရောသမမွှေပြီး ကစား ခိုင်းမှာလား၊ ဇေယျာသော်တို့လို လူငယ်ခြေတက်တွေရဲ့ အစွမ်းအစကို စမ်းသပ်ကြည့်တဲ့ သဘောလားဆိုတာ စဉ်းစားစရာပါ။
ဒါတွေကတော့ ဒေါ်အောင်ဆန်းစုကြည်လို နာမည်ကြီး နည်းပြတယောက်ရဲ့ စိတ်ကူးဖြစ်တာကြောင့် မစပ်စုလို လူပြိန်းတယောက်အနေနဲ့ ဒီထက်ပိုပြီး မတွေးတတ်တာတော့ အမှန်ပါ။ လုံးဝ အသုံးမကျတဲ့ ကစားသမားဆိုရင်တော့ နည်းပြကလည်း ထည့်ကစားမယ် မထင်ပါဘူး။ နည်းပြရဲ့ ညွှန်ကြားပြသမှုနဲ့အတူ ဇေယျာသော် ဘယ်လောက်ထိ ကစားနိုင်မလဲ ဆိုတာကတော့ ပရိသတ်လည်း စောင့်ကြည့်သင့်တယ် ထင်ပါတယ်။ မစပ်စုလည်း ဘောလုံးဆောင်းပါးတွေ အဖတ်များပြီး ဘောလုံးစကား ပြောမိပြီ။ ခွင့်လွှတ်ကြပါ။