အစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်းက ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ဆက်စပ်၍ အကျဉ်းကျခံနေရသည့် လူဦးရေ စာရင်းကို ပြုစုတင်ပြရန်တိုက်တွန်းသည်။
ဘားအံမြို့တွင် KNU နှင့် ပြီးခဲ့သည့် အပတ် ၁၂ ရက်နေ့က နှစ်ဘက် ငြိမ်းချမ်းရေး သွားရောက် ဆွေးနွေးခဲ့စဉ် ဦးအောင်မင်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထောက ဧရာဝတီသို့ ပြောသည်။
“သူတောင်းတာက ကျနော်တို့ တင်ပြဖို့ တောင်းတာပဲ၊ သူတို့ ခွဲခြားပြီးတော့ လွှတ်ပေးနိုင်တဲ့ဟာ လွှတ်ပေးမယ်ဆိုတဲ့ သဘော ထား ကို ဆောင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့လည်းလွှတ်ပေးချင်တဲ့ စိတ်ဆန္ဒရှိတာကို ဖော်ပြတာဖြစ်တယ်”ဟု ၎င်းက ဆို သည်။
အစိုးရနှင့် KNU အကြား အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် အတွက် ဖမ်းဆီးခံရသူများကို လွတ်ငြိမ်းချမ်းသာခွင့် ပေး သင့်ကြောင်း ဦးအောင်မင်းက ပြောကြားခဲ့သည်ဟု ဦးစောဒေးဗစ်ထောက ဆက်ပြောသည်။
ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်တွင် အဖမ်းခံခဲ့ရသည့် KNU ခေါင်းဆောင် တဦးဖြစ်သူ ပဒို မန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေး လက်ဆောင် အဖြစ် ပြန်လွှတ်ပေးမည် ဖြစ်ကြောင်းလည်း ငြိမ်းချမ်းရေး တွေ့ဆုံစကားပြောခဲ့စဉ် ကာလ၌ ဦးအောင်မင်းက ပြော ခဲ့ဖူးသည်။
KNUဘက်က တောင်းဆိုထားသည့် မြန်မာပြည်တဝန်း အမြန်ဆုံး အပစ်အခတ် ရပ်စဲရေး၊ အကျဉ်းသားများ လွှတ်ပေးရေး၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများ မပြုလုပ်ရန် စသဖြင့် အချက် ၁၁ ချက်ကို ဆွေးနွေးကြရန် မူအရ သဘောတူထားခြင်း ဖြစ်သည်။
မူအရ သဘောတူညီချက်များကို ၄၅ ရက်အတွင်း ပြည်ထောင်စု အဆင့် ထပ်မံ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
လူဦးရေ စာရင်း သိရှိနိုင်ရန်အတွက် KNU အနေနှင့် ထိုင်း အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
AAPP အတွင်းရေးမှူး ကိုတိတ်နိုင်က လတ်တလော KNU နှင့် ဆက်စပ်၍ အကျဉ်းကျခံနေရသည့် လူဦးရေ စာရင်းကို ပြုစုနေ သောကြောင့် အတိအကျ မပြောပြနိုင်သော်လည်း ခန့်မှန်းခြေ ၅၀ ဝန်းကျင်ခန့် ရှိကြောင်း ပြောဆိုသည်။
မကြာသေးခင်က ထင်ရှားသည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာခဲ့သော်လည်း အကျဉ်းထောင် အသီးသီးတွင် နိုင်ငံ ရေး အကျဉ်းသားများ အပါအဝင် တခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆက်စပ် အကျဉ်းကျခံနေရသူများ ကျန် ရှိနေသေးကြောင်း သိသည်။
လက်နက်ကိုင် အဖွဲ့အစည်းနှင့် ဆက်စပ်သူများမှာ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း ) SSA-S မှ တပ်ရင်းမှူး ယခင် ABSDF မြောက်ပိုင်းမှ ကိုသံချောင်းနှင့် ဒု တပ်ရင်းမှူး စိုင်းဖုန်းတင့်၊ KNU မှ ပဒိုမန်းငြိမ်းမောင်တို့ ပါဝင်သည်။
AAPP ၏ နောက်ဆုံး ထုတ်ပြန်ထားချက်အရ နိုင်ငံရေး အကျဉ်းသား ၁၅၇၂ ဦးရှိသည့် အနက် ၃၀၀ ခန့်ကို သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်ပေးသော်လည်း ၁ ထောင်ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။