မြန်မာနိုင်ငံတွင် ကျောင်းသားသမဂ္ဂများ ပေါ်ထွန်းရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ မင်းကိုနိုင်က ပြောသည်။
ဒီမိုကရေစီစနစ် ကျင့်သုံးသော ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ပြောင်းမည်ဆိုပါက ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းခွင့် ပြုရမည်ဖြစ်ကြောင်း၊ ကျောင်းသား သမဂ္ဂများသည် ကျောင်းသားလွှတ်တော်များပင်ဖြစ်ပြီး ဒီမိုကရေစီ စနစ်အတွက် အလေ့အကျင့်ကောင်း ပေးသော နေရာများဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂ ပေါ်ထွန်းရေးအတွက် အညံ့ခံမည်မဟုတ်ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့ ရန်ကုန် တော်ဝင်စင်တာတွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မင်းကိုနိုင်က ဆိုသည်။

“ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားလွှတ်တော်ပဲ။ ဒီမိုကရေစီနိုင်ငံ သွားမယ်ဆိုရင် လွှတ်တော်ရှိရမယ်။ လွှတ်တော် ရှိရမှာ ဖြစ်တဲ့အတွက် ကျောင်းသားတွေအတွက် လေ့ကျင့်ပေးနေတဲ့ ကျောင်းသားသမဂ္ဂတွေ ရှိကိုရှိရမယ်။ဒီမိုကရေစီ တကယ်သွားတယ်ဆိုရင် ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ ကျောင်းသားသမဂ္ဂဖွဲ့စည်းဖို့ ခွင့်ကို ခွင့်ပြုရမယ်။ သမိုင်း အဆက်ဆက်မှာ အစဉ်အလာကြီးခဲ့တဲ့ ကျောင်းသားသမဂ္ဂကို ကျနော်တို့ခေတ်မှာလည်း အညံ့မခံခဲ့ဘူး။ ဟောဒီခေတ်မှာ၊ နောင်မျိုးဆက်တွေမှာလည်း အညံ့မခံဘူးဆိုတာ ကျနော်ယုံပါတယ်” ဟု ကိုမင်းကိုနိုင်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းဇေယျကလည်း ကျောင်းသားများသည် ခေတ်အဆက်ဆက် လွတ်လပ်ရေး၊ နိုင်ငံရေးတွင် ပါဝင် ဦးဆောင်ခဲ့ကြသူများဖြစ်ပြီး ကျောင်းသားဆိုသော ခေါင်းစဉ် အောက်တွင် အားလုံး တပြေးညီတူညီကြောင်း ပြောဆိုသည်။
“ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရှိရမယ်။ ၁၉၂၀ က ကျောင်းသား၊ ၁၉၈၈ က ကျောင်းသား၊ အခုကျောင်းသား အားလုံး အတူတူပဲ။ ခေတ်အဆက်ဆက် ကျောင်းသားတွေက ဦးဆောင်ခဲ့ကြတယ်” ဟု ၎င်းက ရှင်းလင်းသည်။
ဒီမိုကရေစီ အစိုးရဆိုလျှင် ကျောင်းသားသမဂ္ဂကိုကြောက်ရွံ့ရန် မလိုကြောင်း၊ အစိုးရ၏ ပြည်သူ့အပေါ် ထားရှိသော သဘောထားနှင့် အုပ်ချုပ်ပုံအပေါ် မူတည်ပြီး ကျောင်းသားသမဂ္ဂများက ပြန်လည်တုံ့ပြန်မည် ဖြစ်ကြောင်း မင်းကိုနိုင်က
ပြောသည်။
“ကျောင်းသား သမဂ္ဂကို မကြောက်ပါနဲ့။ မှန်ကန်တဲ့အစိုးရ၊ မှန်ကန်တဲ့အုပ်ချုပ်မှုဆိုရင် ကျောင်းသားသမဂ္ဂက တွန်မယ့်ဒေါင်း၊ ကမယ့် ဒေါင်းပါ။ အဲဒီကျောင်းသားသမဂ္ဂက ဖောက်ပြန်တဲ့စနစ်၊ အခွင့်ထူးခံတွေနဲ့ ခွပ်မယ့်ဒေါင်းပါ။ အဲဒီတော့ ကျနော်တို့က ခွပ်ဒေါင်းအလံလည်း ရှိတယ်၊ ကဒေါင်းလည်းအလံလည်း ရှိတယ်။ သင့်တော်ရာ တီးလုံးနဲ့ သင့်တော်သလို ကျနော်တို့ အလံကို တင်နိုင်ပါတယ်။ ကျနော်တို့ က ဒေါင်း အလံပဲ တင်ချင်ပါတယ်” ဟု သူက ဆိုသည်။
သတင်းစာ ရှင်းလင်းပွဲတွင် ၈၈ မျိုးဆက် ကျောင်းသားများ၏ အချက် ၉ ချက်ပါ သဘောထားကြေညာချက် တရပ်ကို ထုတ်ပြန်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဆုံးဖြတ်ကို ကြိုဆိုထောက်ခံကာ
၈၈ မျိုးဆက် ကျောင်းသားများက ဝန်းရန်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖြစ်ပေါ်ရေးအတွက် အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန်၊ ပြည်ပရောက် နိုင်ငံရေး အင်အားစုများ ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် အစိုးရက ဆောင်ရွက်ပေးရန်၊ ပြုပြင် ပြောင်းလဲရေးအတွက် အားလုံးနှင့် လက်တွဲ ပူးပေါင်းဆောင်ရွက် သွားမည် ဆိုသော သဘောထားများကို တရားဝင် ထုတ်ပြန်ခဲ့သည်။
ယနေ့အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာသိ ခေါင်းဆောင်တဦး ဖြစ်သည့်အတွက် ၈၈ မျိုးဆက်
ကျောင်းသားများ အနေနှင့် မဖြစ်မနေ အားဖြည့် သွားရမည်ဖြစ်ကြောင်း၊ ၈၈ မျိုးဆက်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အင်အားစုများ အားလုံး စုပေါင်းပါက လိုချင်သော ပန်းတိုင် မြန်မြန်ရောက်မည် ဖြစ်ကြောင်း ကိုမင်းကိုနိုင်က ရှင်းပြသည်။
“ကမ္ဘာကြီးတခုလုံးက ဒေါ်အောင်ဆန်းစုကြည် ဆိုတာ မြန်မာနိုင်ငံဒီမိုကရေစီ ထွန်းကားရေးအတွက် ပုံရိပ်တခုအဖြစ် သတ်မှတ်ပြီးသားပါ။ ဒါငြင်းလို့မရပါဘူး။ အဲဒီ အရေးကြီးတဲ့ပုံရိပ်က လူထုထောက်ခံမှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ ပေတံနဲ့ ထပ်တိုင်းပါတယ်။ ဒါကြောင့် နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အရေးကြီးတဲ့ အချိန်မှာ ဒီမိုကရေစီခေါင်းဆောင် တယောက်ကို ထောက်ခံမှု အင်အား ဘယ်လောက်များတယ် ဆိုတာကို အားဖြည့်ပေးဖို့ ကျနော်တို့မှာ ဟောဒီအချိုး၊ ဟောဒီအကွေ့မှာဖြင့် တာဝန်ရှိတယ်လို့ ယူဆပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့အလုပ်တွေနဲ့ ညှိနှိုင်းပြီးတော့ လိုအပ်တဲ့ နေရာတွေမှာ အားဖြည့်ပေးသွားပါမယ်။ ၈၈ နဲ့ ဒေါ်အောင်ဆန်းစုကြည် အားအကုန် ပေါင်းမယ် ဆိုရင်၊ ကျန်တဲ့ အင်အားစုတွေပါ အားလုံးအတူတကွ လိုက်လာမယ်ဆိုရင် ကျနော်တို့ ရောက်ချင်တဲ့ ပန်းတိုင်ကို ပိုမြန်မြန် ရောက်မယ်လို့ ယုံကြည်တယ်” ဟု မင်းကိုနိုင်က ပြောသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မှုများနှင့်ပတ်သက်သော သဘောထားများကို သတင်းစာ ရှင်းလင်းပွဲ တွင် ၈၈ မျိုးဆက်ကျောင်းသားများက ထုတ်ဖော်သွားသည်။
ကိုမင်းကိုနိုင်က “ပိတ်ဆို့ အရေးယူမှုဆိုတာ သူ့အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။ ဒါကြောင့် ပိတ်ဆို့အရေးယူမှုဆိုတဲ့ အကျိုးတရားကို ဖယ်ရှားချင်ရင် အကြောင်းတရားကို မသိချင်အောင် မဆောင်ပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်းတရားကို ဖယ်ရှားဖို့အတွက် ဆိုရင်တော့ ကျနော်တို့အားလုံး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး နိုင်ပါတယ်” ဟု ဆိုသည်။
စီးပွားရေးပိတ်ဆို့မှုကို နိုင်ငံရေးလက်နက်အဖြစ် အသုံးပြုမှုအား လုံးဝလက်မခံကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးက ပြောသည်။
“မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၂၆ နှစ်စလုံးမှာ ကိုယ့်ကိုယ်ကိုယ် Sanctions လုပ်တာ ကျတို့ ခံခဲ့ရပြီးပါပြီ။ အခုမှ ကျနော်တို့ ဒီ Sanctions ကိစ္စက အင်မတန်ကို ရေပန်းစားနေတဲ့ စကားလုံးဖြစ်နေပေမယ်လို့ ကျနော်တို့ နိုင်ငံကိုယ်နှိုက်က၊ ကျနော်တို့ အစိုးရ ကိုယ်နှိုက်က Sanctions လုပ်တာကို နှစ်ပေါင်းများစွာ ကျနော်တို့ ခံစားခဲ့ရပြီးပါပြီ။ နောက် အခုတဖြည်းဖြည်းနဲ့ ကျနော်တို့ ပွင့်လင်းလာတယ်၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာတာကို ကြိုဆိုပါတယ်။ ကျနော်တို့နိုင်ငံမှာ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး တယ်လီဖုန်း၊ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး မော်တော်ကားတွေ ရှိအောင် ဥရောပ သမဂ္ဂက Sanctions လုပ်ထားတာ မဟုတ်ပါဘူး၊ အမေရိကန်အစိုးရက Sanctions လုပ်ထားတာ မဟုတ်ပါဘူး။ Sanctions ကိစ္စကို ပြောရင် ကျနော်တို့ကပဲ လူထုတွေ ဆင်းရဲနွမ်းပါးအောင်၊ နိုင်ငံရေးအတိုက်အခံတွေက Sanctions လုပ်ထားတယ်ဆိုပြီးတော့ ဒီဟာကို လက်နက်တခု အဖြစ်နဲ့ နိုင်ငံရေးအရ ထိုးနှက်ဖို့ အသုံးချနေတာဆိုရင် လက်မခံပါဘူး” ဟု ကိုကိုကြီးက ရှင်းပြသည်။
၈၈ မျိုးဆက်ကျောင်းသားများသည် ပြည်သူများ နစ်နာမည့်ကိစ္စကို ပြုလုပ်မဟုတ်ကြောင်း၊မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားရေးအတွက် ၈၈ မျိုးဆက်ကျောင်းသားများက ဝိုင်းဝန်းကြိုးပမ်းသွားမည် ဖြစ်ကြောင်း ၎င်းတို့က
ဆိုသည်။
“ကျနော့်တကိုယ်စာ ဖွံ့ဖြိုးတိုးတက်စေချင်ရင် ကျနော်ထောင်ထဲ သွား မနေဘူး၊ ဒီနိုင်ငံရေးထဲ လာမလုပ်ဘူး။ အဲဒီတော့ ကျနော်တို့ ကိုယ်နှိုက်က ဖွံ့ဖြိုးတိုးတက်ချင်လို့၊ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး တိုးတက်ချင်လို့ နိုင်ငံရေး လုပ်တာပါ။ အဲဒီတော့ ပြည်သူကို နစ်နာမယ့် ကိစ္စမျိုးဘယ်တော့မှ မလုပ်ဘူး။ ဟိုတုန်းကလည်း မလုပ်ဘူး၊ နောက်လည်း မလုပ်ဘူး။ အဲဒီတော့ ကောင်းပြီ Sanctions ကိစ္စနဲ့ ပတ်သက်ပြီးတော့ ခုနက မင်းကိုနိုင် ပြောထားပြီးပါပြီ။ ဘာကြောင့် လုပ်ထားတာလဲ။ Sanctions လုပ်တဲ့ ကာယကံရှင်နိုင်ငံတွေနဲ့ အခု ထိတွေ့ဆက်ဆံနေပြီပဲ။ ဆွေးနွေးနေပြီပဲ။ အဲဒီတော့ Sanctions ဖြစ်ရတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းရင် Sanctions က သူ့ဟာသူ ပြေလည်သွားမှာပါ။ တောင်းဆိုနေစရာ မလိုပါဘူး။ အဲဒီတော့ Sanctions လုပ်ရတဲ့အကြောင်းရင်းတွေကို ကျနော်တို့ ပူးပေါင်းပြီးတော့ ဖြေရှင်းမယ်။ ပူးပေါင်းပြီးတော့ ဆောင်ရွက်မယ်။ အဲဒါက Sanctions နဲ့ပတ်သက်တဲ့ သဘောထားပါ” ဟု ကိုကိုကြီးက သတင်းထောက်တဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။
၈၈ မျိုးဆက်ကျောင်းသားများက ပြည်တွင်းသတင်းမီဒီယာ လွတ်လပ်ခွင့်မရှိသည့် အပေါ်လည်း ထောက်ပြပြီး သတင်းလွတ်လပ်ခွင့် ရရှိစေရန် မီဒီယာများက ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ မီဒီယာလွတ်လပ်ခွင့် အတွက် စာပေစိစစ်ရေး မရှိသင့်ကြောင်း ပြောဆိုသည်။
“ကျနော်တို့နဲ့အတူ အပြောင်းအလဲကို လိုက်ပါနိုင်ကြမယ်လို့ ရည်ရွယ်တဲ့ဆန္ဒနဲ့ သတင်းစာရှင်းလင်းပွဲ လုပ်ရတာလည်း အရေးကြီးတဲ့ အချက်တချက် အနေနဲ့ပါပါတယ်။ ထပ်ပြီးတော့ တိုးရပါလိမ့်မယ်။ စာပေစိစစ်ရေးဆိုတာ လိုအပ်ပါတယ်လို့ ဆိုတဲ့ အတွေးမျိုးနဲ့ဆိုရင်တော့ ဒီလောက ထပ်တက်မှာ မဟုတ်ပါဘူး။ သဘောထားတွေ အယူအဆတွေအမျိုးမျိုး တင်ပြနိုင်ကြပါစေဆိုတဲ့ လွတ်လပ်ခွင့်မျိုးကို ဒီလောကသမားတွေ ခြေတလှမ်းတိုးကြဖို့၊ ထပ်ပြီးတော့ သတ္တိလေး မွေးပြီး ရေးကြ၊ ထည့်ကြဖို့ တိုက်တွန်းပါရစေ” ဟု မင်းကိုနိုင်က မီဒီယာများကို တိုက်တွန်းသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် နိုင်ငံရေးပါတီတရပ်အနေဖြင့် ထူထောင် လုပ်ဆောင်ရေးကို လတ်တလော မဆုံးဖြတ်နိုင်သေးကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲလွန် ကာလရောက်မှသာ စဉ်းစားမည်ဖြစ်ကြောင်း သိရသည်။
“အချိန်ကာလ တခုရောက်ရင်တော့ စဉ်းစားမှာပါ။ တဦးချင်းအနေနဲ့ သက်ဆိုင်ရာ ပါတီတွေဆီ သွားချင်တဲ့သူလည်း သွားလို့ရတယ်၊ တခြား လူမှုရေးနယ်ပယ် အကူအညီပေးရေးတွေမှာ ဝင်ရောက်လုပ်ကိုင်ချင်လည်း လုပ်လို့ရပါတယ်” ဟု ၈၈ မျိုးဆက်ကျောင်းသား တဦးဖြစ်သူ ကိုပြုံးချိုက ဧရာဝတီကို ပြောသည်။
တော်ဝင်စင်တာတွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်းပြည်ပ သတင်းမီဒီယာများ၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေးပါတီများ၊ သက်ဆိုင်ရာအရပ်ဝတ် ရဲနှင့် အာဏာပိုင်များ အပါအဝင် စုစုပေါင်း လူဦးရေ ၅၀၀ ကျော် တက်ရောက်ခဲ့သည်။