အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျွန် မက်ကိန်းက ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရန် နှင့် နိုင်ငံတကာစောင့်ကြည့်လေ့ လာရေး အဖွဲ့များ ဝင်ရောက်ခွင့်ပြုရန်တို့ကို သမ္မတ ဦးသိန်းစိန် အား တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရသည်။
အမေရိကန် လွှတ်တော် အမတ်များဖြစ်ကြသည့် ဂျွန် မက်ကိန်း ၊ Joe Lieberman ၊ Kelly Ayotte ၊ Sheldon Whitehouse တို့ ၄ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်နဝါရီ ၂၂ ရက်က တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်တွင် တွေ့ဆုံ အပြီး ကျင်းပသော သတင်းစာ ရှင်းလင်းပွဲ၌ ဂျွန် မက်ကိန်းက အထက်ပါတိုက်တွန်းချက်ကို ပြန်လည် ပြောကြားခြင်းဖြစ်သည်။
“ကျနော်တို့ အနေနဲ့ နိုင်ငံတကာ စောင့်ကြည့်လေ့လာ ရေးအဖွဲ့တွေကို ရွေးကောက်ပွဲက သန့်ရှင်းလွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ် ဆိုတာကို လေ့လာခွင့်ပြုစေချင်ပါတယ်။ အစိုးရက နိုင်ငံတကာအဖွဲ့အစည်းတွေကို လေ့လာခွင့်ပြုပြီးမှ ရွေးကောက်ပွဲ သန့်ရှင်း လွတ်လပ်မျှတကြောင်း ကမ္ဘာကို ပြောနိုင်ပါတယ်။ ဒါပေမယ့် သမ္မတက ဘာ မှတ်ချက်မှ မပေးခဲ့ပါဘူး”ဟု ဂျွန် မက်ကိန်းက ပြောသည်။
အမေရိကန် အစိုးရအနေနှင့် လက်ရှိ အပြောင်းအလဲများကို အားရကျေနပ်သော်လည်း အရေးတကြီး လုပ်ဆောင်ရမည့် အရေး ကိစ္စများစွာ ရှိနေကြောင်း၊ အထူးသဖြင့် ဧပြီ ၁ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတပြီး သန့်ရှင်းရန် နှင့် ပြုပြင် ပြောင်းလဲမှုများ ဦးတည်ချက်မှန်မှန် ဆက်လက်ဖြစ်ထွန်းမည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းက ဆိုသည်။
“အခုလုပ်ဆောင်နေတဲ့ တိုးတက်မှုတွေကို ကျေနပ်အားရပါတယ်။ ဒါပေမယ့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား ပြဿနာ၊ ကြားဖြတ် ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်ဖို့။ ဦးတည်ချက်ကောင်းတဲ့ တိုးတက်မှုတွေ စဉ်ဆက်မပြတ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်”ဟု ဂျွန်မက်ကိန်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း အမေရိကန်က ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှု(Sanction)များ ရုပ်သိမ်းရေးသည် တောင်း ဆို ထားသော အချက်အလက်များ ဖြစ်ပေါ်လာလျှင် အလိုအလျောက် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပြောဆိုသည်။
“အမေရိကန်နိုင်ငံက Sanction တွေ လုပ်ကတည်းက ဘာကြောင့်လုပ်တယ်၊ ဘာတွေ၊ ဘာတွေ ဘယ်ခြေလှမ်းတွေလှမ်းလို့ရှိရင် ဒီစီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးမယ်ဆိုတာ ပြောထားပြီးသားပါ။ ဒီ သူတို့သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးလို့ရှိရင် Sanction တွေကို စပြီးတော့ ရုပ်သိမ်းမှာပါ။ ဒီခြေလှမ်းတွေက ကြားဖြတ်ရွေးကောက်ပွဲတခုတည်းတော့ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားအတိုင်းပင် အမေရိကန်လွှတ်တော်အမတ်များကလည်း အမြင်တူကြောင်း ဂျွန်မက် ကိန်း က ဆက်ပြောသည်။
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတအိုဘားမား နှင့် ကွန်ဂရက် လွှတ် တော်အမတ်များသည် တသဘောတည်းဖြစ်ပြီး အတူတကွပူးပေါင်းလုပ်ဆောင်လျက် ရှိကြောင်း၊ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲများပြီးဆုံးခဲ့လျှင် စီးပွားရေးပိတ်ဆို့မှု ဖယ်ရှားရေး ပြန်လည်သုံးသပ်မှုများများကို နိုင်ငံတကာနှင့် ပူးတွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဂျွန် မက်ကိန်းက ရှင်းပြသည်။
“သမ္မတ အိုဘားမားအနေနဲ့ ချက်ချင်းရုပ်သိမ်းလို့ရတဲ့ Sanction တွေ ရှိသလို၊ ကွန်ဂရက်က ဥပဒေပြုလုပ်ငန်းစဉ်နဲ့ ရုပ်သိမ်းလို့ရတဲ့ Sanction တွေလည်းရှိပါတယ်။ ပိတ်ဆို့မှုတွေ ကျနော်တို့ ဘယ်လောက်မြန်မြန် ရုပ်သိမ်းလုပ်ဆောင်သင့်တယ်ဆိုတာကို စိတ် မပူပါဘူး။ ရွေးကောက်ပွဲက တရားမျှတပြီး သန့်ရှင်းတယ်ဆိုရင် ဒါက လုံး၀ ပြဿနာမဟုတ်ပါဘူး”ဟု မက်ကိန်းက ဆိုသည်။
ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရာတွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည် လွှတ်ပေးရန်၊ အကျဉ်းထောင် အခြေအနေများ တိုးတက်ကောင်းမွန်ရေး ဆောင်ရွက်ရန်အတွက် နိုင်ငံတကာကြက်ခြေနီ အဖွဲ့ကို ခွင့်ပြုရန်တို့ကို အမေရိကန် လွှတ်တော်အမတ်လေးဦးက ရန်ကုန်မြို့ အမေရိကန် စင်တာတွင် ဇန်နဝါရီ ၂၂ ရက်နေ့ ညနေ ပိုင်းက ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာအဖွဲ့အစည်းများ စောင့်ကြည့်လေ့လာခွင့်ပြုရန်၊ စစ်မက်ဖြစ်ပွားရာ တိုင်းရင်းသား ဒေသများတွင် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးပို့ခွင့်ပြုရန် စသည့် တိုက်တွန်း
ချက်များလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။
တရားဥပဒေ စိုးမိုးမှုအပေါ် အခြေခံပြီး မြန်မာပြည်သူများ ပျော်ရွှင်ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် အမေရိကန်က အစိုးရကို ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်းလည်း အမေရိကန် အမတ်များက ပြောဆိုသွားသည်။
ဂွန် မက်ကိန်း အပါအဝင် အမေရိကန် လွှတ်တော်အမတ်များသည် ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် သမ္မတ ဦးသိန်းစိန် နှင့် အစိုးရ အဖွဲ့ဝင်များကို တွေ့ဆုံ၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် ဆိုင်ရာများကို ဆွေးနွေးကြကြောင်း ယနေ့ ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။
ဂျွန် မက်ကိန်းသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းကလည်း မြန်မာနိုင်ငံသို့သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်၊ ဒု သမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း အပါအဝင် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သေးသည်။