ပြည်တွင်း သတင်းဂျာနယ်အများစုက သတင်း လွတ်လပ်ခွင့် တဖြည်းဖြည်းရရှိလာသည်ဟု ထင်မှတ်နေသော်လည်း စာပေ စိစစ်ရေးက တချို့သော သတင်းများကို လုံးဝမထည့်ရန် တားမြစ်ပြီး တချို့သတင်းများအား ဖြုတ်ပယ်နေဆဲ ဖြစ်ကြောင်း သိရသည်။
ရွှေညဝါဆရာတော် ကျောင်းတိုက်မှ ဖယ်ရှားခံရသည့် သတင်းကို လုံး၀ ဖော်ပြခြင်းမပြုရန် စာပေစိစစ်ရေးက သတိပေး တားမြစ်လိုက်ပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာ ရှင်းလင်းပွဲသတင်းကိုလည်း အကန့်အသတ် များဖြင့်သာ ဖော်ပြခွင့် ပြုကြောင်း သတင်းဂျာနယ် အသိုင်းအဝန်းက ဆိုသည်။
ယခုအခါ စာပေစိစစ်ရေးက နိုင်ငံရေးနှင့် ပတ်သက်သော သတင်းအများစုကို ဖြုတ်ပယ်ရမည် ဆိုသည့် သတိပေးမှုများ ပြုလုပ်လာကြောင်း၊ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ရွှေညဝါဆရာတော်ကို ခေါ်ယူ တွေ့ဆုံပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နောက်ဆုံးထားကာ သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးရန် အရေးယူလိုက်သော သတင်းကို ဂျာနယ်များတွင် လုံး၀ ဖော်ပြခွင့်မပြုကြောင်း စာပေစိစစ်ရေး၏ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေက သတိပေးခဲ့သည်။
“ရွှေညဝါဆရာတော် သတင်းကို စာပေစိစစ်ရေးကို မူကြမ်း တင်ပြသည်ဖြစ်စေ၊ မတင်ဘဲ ဖြစ်စေ ဘယ်လိုနည်းနဲ့မှ ထုတ်ဝေ ရိုက်နှိပ်တာမျိုး မလုပ်နဲ့ ဆိုပြီး ဗိုလ်မှူးတင့်ဆွေက ဂျာနယ်တိုင်း လိုလိုကို ပြောတာ။ တကယ်လို့များ သူတို့သတိပေးတာကို မလိုက်နာဘဲ သတင်းဖော်ပြလိုက်ရင် ဘာလုပ်မယ်လို့ မပြောပေမယ့် ပြင်းပြင်းထန်ထန် အရေးယူမယ့်ပုံရှိတော့ ဂျာနယ်တွေ အားလုံး အဲဒီ သတင်းကို လက်ရှောင်လိုက်ရတယ်။ ဒါက အတော်ကို ထူးခြားပါတယ်။ စာပေ စိစစ်ရေးက သဘောထား ပျော့ပြောင်း နေခဲ့ရာကနေ ချက်ချင်းဆိုသလို တင်းမာတဲ့ ပုံစံတွေ ပြန်တွေ့လာရတယ်။ ဒါကလည်း အထက်ကလာတဲ့ အမိန့်လို့ ထင်တယ်” ဟု သတင်းဂျာနယ်တစောင်မှ တာဝန်ခံ အယ်ဒီတာတဦးက ပြောသည်။
အလားတူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၏ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တော်ဝင်စင်တာ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲကို စာပေစိစစ်ရေးက ဖြုတ်ပယ်ကန့်သတ်မှုများစွာ ပြုလုပ်ပြီးမှသာ ဂျာနယ်များတွင် ဖော်ပြခွင့် ပြုကြောင်း သိရသည်။
“၈၈ မျိုးဆက်တွေရဲ့ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတယ်၊ အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲမယ်ဆိုတဲ့ သဘောထား ကြေညာချက်ကိုပဲ ဖော်ပြခွင့်ပြုတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရမယ်၊ နိုင်ငံရေး အကျဉ်းသားတွေဆိုတာ ရှိတယ်၊ ခွပ်ဒေါင်း အလံကို ပြန်လွှင့်မယ် စတဲ့ သူတို့ အသေးစိတ် ပြောဆိုလိုက်တာတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေး မရတာဟာ အစိုးရဘက်က စေတနာမပါ၊ မရိုးသားလို့ဆိုတဲ့ ပြောဆိုချက်တွေကို စာပေစိစစ်ရေးက ဖြုတ်တယ်၊ ဖော်ပြခွင့် မပေးဘူး” ဟု ဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။
ယခုအခြေအနေတွင် စာပေနှင့် သတင်းလွတ်လပ်ခွင့် ရရှိလာပြီဟု နိုင်ငံတကာအသိုင်းအဝန်းနှင့် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများက ယူဆနေကြသော်လည်း လက်တွေ့တွင်မူ စာပေစိစစ်ရေး၏ တင်းကျပ်သော မူဝါဒများ
ပြန်လည်ကျင့်သုံးလာခြင်းကို သတင်းဂျာနယ်အများစုရင်ဆိုင်နေရကြောင်း ပြည်တွင်း သတင်းသမားများက ဆိုသည်။
“အားလုံးက လွတ်လွတ်လပ်လပ်လုပ်လို့ရပြီလို့ ထင်နေကြတယ်။ အဲဒါ တကယ်တော့ မဟုတ်ပါဘူး။ တင်းကျပ်မှုတွေ အရမ်းများလာတယ်။ အခြေအနေတွေက အရင်အခြေအနေကို ပြန်လည် ဦးတည်နေသလိုကြီး ဖြစ်နေတယ်။
နိုင်ငံရေး လှုပ်ရှားမှုသတင်းတိုင်း၊ နိုင်ငံရေးနဲ့ ပတ်သက်တဲ့သတင်းတိုင်း ဂျာနယ်မှာ ပြည့်ပြည့်စုံစုံ မဖော်ပြနိုင်ဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ပြုလုပ်နေသည့် တရားမဝင် မဲဆွယ်သော နည်းလမ်းများနှင့် စပ်လျဉ်းသော သတင်းများကိုလည်း စာပေစိစစ်ရေးက သတင်း ဂျာနယ်များတွင် ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်နေကြောင်း သတင်းရရှိသည်။
“မရမ်းကုန်းမှာ ဂရန်ချပေးမယ်ဆိုပြီး ကြံ့ဖွံ့ပါတီက စည်းရုံးတယ်၊ ကော့မှူးမှာ ငွေထုတ်ချေးပြီး မဲထည့်ရမယ် ဆိုတာမျိုး စည်းရုံးတယ်၊ မီးလင်းအောင်လုပ်ပေးမယ် မဲထည့်ဆိုပြီး စည်းရုံးတယ်။ ဒီသတင်းတွေကို သတင်းဂျာနယ်တွေက ရကြပါတယ်။ ထည့်ဖို့ စာပေစိစစ်ရေးတင်ပါတယ်။ မရပါဘူး။ စာပေစိစစ်ရေးက ခွင့်မပြုဘူး။ အဲဒီတော့ သတင်းလွတ်လပ်ခွင့် မရှိဘဲ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲက သန့်ရှင်းမျှတပါမယ်လို့ ဘယ်လိုလုပ် ပြောမလဲ” ဟု စာနယ်ဇင်း သမားတဦးက ပြောသည်။
ထို့အပြင် အစိုးရအရာရှိများ၏ လာဘ်ပေးလာဘ်ယူ သတင်းများ၊ အုပ်ချုပ်ရေး အရာရှိတချို့ မမှန်မကန် လုပ်ဆောင်၍ တိုင်ကြားခံရသည့် သတင်းများအပါအဝင် အုပ်ချုပ်ရေး ယန္တရား၏ လုပ်ဆောင်ချက် မမှန်ကန်မှု တချို့ကို စုံစမ်း ဖော်ထုတ်ထားသော သတင်းများ၊ စစ်ဘက်ဆိုင်ရာ ရာထူးအပြောင်းအရွှေ့ သတင်းများကိုလည်း ဖော်ပြခွင့် မရဘဲ
စာပေစိစစ်ရေး၏ ပိတ်ပင်တားဆီးမှု ခံနေရသည်ဟု သိရသည်။
ဇန်နဝါရီ ၁၃ ရက်နေ့က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ လွတ်မြောက်လာသည့် သတင်းကိုမူ ဓာတ်ပုံများ ဝေဝေဆာဆာဖြင့် ဂျာနယ်များက စိစစ်ရေးမတင်ဘဲ ဖော်ပြခဲ့ကြသော်လည်း မည်သည့် အရေးယူမှု တစုံတရာမျှ မရှိသေးကြောင်း၊ စာပေစိစစ်ရေး၏ မူဝါဒမှာ နားလည်ရခက်ခဲလှကြောင်း သတင်းဂျာနယ်အသိုင်းအဝန်းက ပြောဆို နေကြသည်။