ရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ရွှေ သဘာဝဓာတ်ငွေ့ စီမံကိန်းနှင့် ဆက်စပ်လုပ်ငန်းများ၌ လုပ်ကိုင်နေကြသော နိုင်ငံခြားသား၂၀၀ ဝန်းကျင်အား ကျောက်ဖြူ မြို့ပေါ်တွင် နေထိုင်ခွင့်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ကန့်သတ်လိုက်ကြောင်း သိရသည်။
ထိုနိုင်ငံခြားသား အလုပ်သမားများသည် ကျောက်ဖြူ မြို့ပေါ် ရပ်ကွက်အသီးသီးတွင် နေထိုင်ကြကာ အများစုမှာ အိန္ဒိယနိုင်ငံ သားများဖြစ်ပြီး ကိုရီးယား၊ မလေးရှား၊ တရုတ် စသည့် လူမျိုးများလည်း ရှိကြောင်း၊ ၎င်းတို့အား ဇန်နဝါရီ ၁၉ ရက် နောက်ဆုံး ထားပြီး မြို့ပေါ်မှ ပြောင်းရွှေ့၍ လုပ်ငန်းခွင်၌ နေထိုင်ကြရန် ဒေသဆိုင်ရာအာဏပိုင်များက ညွှန်ကြားထားသော်လည်း ယနေ့အထိ ပြောင်းရွှေ့ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။
ယင်း အလုပ်သမားများသည် အောက်ခြေအလုပ်သမားများဖြစ်ပြီး ညအချိန်၌ အုပ်စုဖွဲ့၍ သောက် စားခြင်း၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ရပ်ကွက်နေပြည်သူများ မခံသာအောင် ဆူညံခြင်းတို့ကြောင့် ဒေသခံများက အာဏာပိုင်များထံ တိုင်းကြားရာမှ ယခုကဲ့သို့ ကန့်သတ်ချက် ထုတ်ပြန် ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။
အလုပ်သမား တချို့မှာ မူးယစ်သောက်စားလာပါက နီးစပ်ရာဒေသခံများနှင့် ပြဿနာ ဖြစ်ပွားမှုများကြောင့်လည်း မြို့ပေါ်၌ နေ ထိုင်ခွင့်ကို ကန့်သတ်ခြင်း ဖြစ်သည်ဟု ကျောက်ဖြူမြို့ခံများက ပြောဆိုသည်။
နိုင်ငံခြာသား အလုပ်သမား ဦးရေများလာသည့် အတွက်မြို့ပေါ်ရှိ အိမ်ခန်းငှားခ နှှုန်းထားများ အဆမတန်မြင့်မားနေပြီး အရက် ဆိုင်နှင့် ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာ၍ ကျောင်းသား လူငယ်များအတွက် မိဘများက စိုးရိမ်နေရကြောင်း ပိုက်ဆိပ် ရပ်ကွက် ဒေသခံ အမျိုးသမီး တဦးက ဧရာဝတီကို ပြောသည်။
၎င်းက“အိမ်ငှားခတွေက အရင်က ကျပ် ၁၅၀၀၀၊၂၀၀၀၀ ပဲပေးရတဲ့ အိမ်တွေက အခုဆို ကျပ်၂ သိန်းခွဲ၊ ၃ သိန်းလောက်အထိ ပေးနေရတယ်၊ ပိုက်ဆိပ် ရပ်ကွက်မှာ ဆိုရင်လည်းပဲ ပြည့်တန်ဆာ အိမ်တွေ ဆယ်ချီ တိုးပွားလာနေတယ်”ဟု ဆိုသည်။
အလုပ်သမားများ နေထိုင်ရန် သက်ဆိုင်ရာလုပ်ငန်းခွင်အသီးသီး၌ အဆောက်အအုံများ ဆောက်လုပ်ပေးထားသော်လည်း နေ ထိုင်ခြင်း မရှိဘဲ မြို့ပေါ်၌ အုပ်စုဖွဲ့၍ ငှားရမ်းနေထိုင်ကြကြောင်း၊ ၎င်းတို့သည် သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်း၌ ဂဟေ ဆော်ခြင်း၊ မြေတူးခြင်း အလုပ်များ လုပ်ကိုင်ကြကြောင်း သိရသည်။
တရုတ်လူမျိုး အများစုမှာ လုပ်ငန်းခွင်၌သာ နေထိုင်ကြပြီး ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း တည်ဆောက်နေသည့် မဒေးကျွန်းပေါ်၌ တရုတ်လူဦးရေ ၅၀၀ နီးပါးရှိသည်။ မြေတူးသည့်ဝန်ထမ်းမှ ပညာရှင်အဆင့် အထိ တရုတ်လူမျိုးကိုသာ ဦးစားပေး လုပ်ကိုင်ခွင့်ပြုထားကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) ၏ မြို့နယ် စည်းရုံးရေးအဖွဲ့ဝင် တဦး က ပြောသည်။
ကျောက်ဖြူမြို့ပေါ်ရှိ အရက်ဆိုင်လုပ်ငန်းများကို အာဏာပိုင်များနှင့်နီးစပ်သည့် အစိုရဝန်ထမ်းများကိုယ်တိုင် လိုင်စင်ယူ၍ ရောင်း ချနေကြသည့်အတွက် အာဏာပိုင်များကလည်း တားဆီးကန့်သတ်မှု မရှိကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ စီမံကိန်းလုပ်ငန်းများအား တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီက ဦးဆောင်၍ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများက ပါဝင် လုပ်ဆောင်နေကြကာ စီမံကိန်းအများစုမှာ ၅၀ ရာခိုင်နှှုန်းနှင့်အထက် ပြီးစီးနေ၍၂၀၁၃ ခုနှစ်တွင် သဘာဝဓာတ်ငွေ့များကို တရုတ် နိုင်ငံသို့ စတင်ပို့လွှတ်နိုင်မည် ဖြစ်သည်ဟု သိရသည်။