သတင်း

ဥရောပသမဂ္ဂက ပိတ်ထားသည့် ပြည်ဝင်ခွင့်ဗီဇာ ပြန်ပေးပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေဖြင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခြင်းကို ပယ်ဖျက် ကြောင်း ယမန်နေ့က ပြုလုပ်သည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးမှ ထုတ်ပြန်ကြေညာလိုက်သည်။

ဥရောပသမဂ္ဂ၏ ပိတ်ပင်ထားမှုများကို ရုပ်သိမ်းရာတွင် ပထမအဆင့်အနေဖြင့် သမ္မတ၊ ဒု သမ္မတ၊ လွှတ်တော်နှစ်ရပ်မှ ဥက္ကဋ္ဌများ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားမှုမှ ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။

အိုင်ယာလန် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး အီမွန် ဂီလ်မိုးနှင့် ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ မစ္စ ကက်သရင်း အက်ရှ်တန် (ဓာတ်ပုံ - Getty Images)

မြန်မာအစိုးရ၏ ရှေ့ဆက်လက် လုပ်ဆောင်မည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ အပေါ်တွင်မူတည်ပြီး နောက်ထပ် ရုပ်သိမ်းမှုများကို ဆက်လက်လုပ်ဆောင်မည် ဟုလည်း သိရသည်။

ယခင် စစ်အစိုးရလက်ထက်က ဗီဇာပိတ်ပင်ခံထားရသည့် အစိုးရအဖွဲ့ဝင် ဟောင်းများနှင့် မိသားစုများ၊ စီးပွားရေး လုပ်ငန်းရှင်များကိုမူ ဆက်လက် ပိတ်ပင်ထားမည်ဖြစ်သည်။

ဥရောပ သမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ကက်သရင်း အက်ရှ်တန်က “ပြီးခဲ့တဲ့လတွေက ပြုလုပ်ခဲ့တဲ့ အပြောင်းအလဲတွေ ကတော့ အရမ်းထူးခြားပါတယ်” ဟု ဆိုသည်။

ထို့အပြင် လာမည့်ဧပြီလအတွင်း ၎င်းအနေဖြင့် မြန်မာနိုင်ငံသို့ သွားရောက်ကာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နှင့် သွားရောက် တွေ့ဆုံမည်ဖြစ်ပြီး မကြာမီ ဥရောပသမဂ္ဂ ရုံးကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်တော့မည်ဟုလည်း ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရသည် သက်တမ်းကိုးလအတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးမှုများ ပြုလုပ်ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်စေခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း စသည့် သိသာသော အပြောင်းအလဲတို့ကို ပြုလုပ်ခဲ့သည်။

မြန်မာအစိုးရအပေါ် ချမှတ်ထားသည့် ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ထားမှု ပယ်ဖျက်လိုက်ခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက နိုင်ငံတကာမှ ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများ ပယ်ဖျက်ရန် ကိစ္စသည် အစိုးရ၏ ပြုပြင်ပြောင်းလဲရေး များနှင့်သာ သက်ဆိုင်ကြောင်း ပြောသည်။

“ပိတ်ဆို့ အရေးယူမှုဆိုတာ သူ့အလိုလို မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး။ အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါ။ ဒါကြောင့် ပိတ်ဆို့အရေးယူမှုဆိုတဲ့ အကျိုးတရားကို ဖယ်ရှားချင်ရင် အကြောင်းတရားကို မသိချင်အောင် မဆောင်ပါနဲ့လို့ ပြောချင်ပါတယ်။ အကြောင်းတရားကို ဖယ်ရှားဖို့အတွက် ဆိုရင်တော့ ကျနော်တို့အားလုံး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး နိုင်ပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဇန်နဝါရီ ၂၁ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို သည်။

အလားတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကလည်း နိုင်ငံသားအားလုံး အကျိုးစီးပွားကို ရှေ့ရှုသည့် ပြုပြင် ပြောင်းလဲရေး လုပ်လာသည်နှင့် အမျှ အရေးယူမှုများ တဖြည်းဖြည်းရုပ်သိမ်းလာလိမ့်မည် ဟု ယနေ့ ဧရာဝတီသို့ ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading