သရက်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူလူထုကို လုံခြုံမှုပေးနိုင်သော ဥပဒေတရပ် ပြဌာန်းပေးရန် လွှတ်တော်အတွင်း ဝင်ရောက်မည့် ကိုယ်စားလှယ် လောင်းများအား တောင်းဆို လိုက်သည်။

“လူတွေက အချိန်မတော် ဘယ်သူ ငါ့အိမ်ကို တံခါးလာခေါက်မလဲ၊ ဘယ်လို ရှာစားရမလဲ ဆိုတဲ့ မလုံခြုံတဲ့ ဘဝတွေအတွက် ကာကွယ်မှုပေးနိုင်တဲ့ ဥပဒေတွေ ရေးဆွဲပေးပါ” ဟု ယနေ့ နံနက် ပဲခူးမြို့၌ ကျင်းပသော လွတ်မြောက် လာသည့် နိုင်ငံရေး အကျဉ်းသားများအား ဂုဏ်ပြုသော အခမ်းအနားတွင် ကိုမင်းကိုနိုင်က ပြောသည်။
ပြည်သူလူထုဘ၀ လုံခြုံမှုအတွက် ဒီမိုကရေစီ လိုလားသူများအားလုံး ပူးပေါင်းကာ လွှတ်တော်အတွင်း အပြင် နှစ်ရပ်စလုံးတွင်
လုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒီမိုကရေစီ အရေး လှုပ်ရှားမှုများတွင် လူထုပူးပေါင်းပါဝင်မှုကို ဒီမိုကရေစီ အင်အားစုများသာမက အာဏာပိုင်များကလည်း လက်ခံနားလည်မှု ပေးကာ အကောင်းမြင်ပေးရန် ကိုမင်းကိုနိုင်က ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုကိုကြီးကလည်း ၎င်းတို့ ကျောင်းသားများအား နှစ် ၂၀ ကျော် ကြာသည်အထိ ထောက်ခံအားပေးခဲ့သော လူထုကို ဂုဏ်ပြုချင်သည်ဟု ဆိုသည်။
“နိုင်ငံရေးဆိုတာကို မစားကောင်းတဲ့အသီးလို လူတွေက ထင်နေပြီး ထောက်လည်း ထောက်ခံချင်တယ်၊ ထောက်ခံရမှာလည်း ကြောက်တယ် ဆိုတာမျိုး မဖြစ်ရအောင်လို့၊ လူထုကို အကျိုးပြုနေတဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံ့ ဝန်ထမ်းတွေက ပူးပေါင်း ဆောင်ရွက်ပါ” ဟု ကိုကိုကြီးက ပြောသည်။
၎င်းတို့ အကျဉ်းထောင်တွင်းမှ ထွက်လာစဉ် လက်ရှိ အစိုးရ အဆောက်အအုံမှာ ပုံသဏ္ဍန်အားဖြင့် ပြောင်းလဲနေသည်ကို မြင်ရကြောင်းနှင့် အနှစ်သာရအားဖြင့် ပြောင်းလဲရန် ဆက်လက်ကြိုးစား ရမည်ဖြစ်ကြောင်း သူက ဆိုသည်။
“ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကို ကျနော်တို့ ပြန်မကြည့်ချင်တော့ဘူး။ အနာဂတ်မှာ လှပတဲ့၊ သာယာတဲ့ နိုင်ငံအဖြစ်ကို မျက်နှာမူချင်လို့ပဲ” ဟု ကိုကိုကြီးက ဆက်ပြောသည်။
၎င်းတို့ကဲ့သို့သော ဒီမိုကရေစီ အင်အားစုများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုကို မြင်တွေ့ရသဖြင့် အားရကြောင်း၊ မည်သည့်အဖွဲ့အစည်းနှင့် မဆို တိုးတက်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုကြောင်း သူက ဆိုသည်။
“ကျနော်တို့ ရန်ကုန်တိုင်း ဒေသကြီးမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သတင်းစာရှင်းလင်းပွဲ အောင်မြင်ခဲ့တယ်။ အခုလည်း ရန်ကုန် ပြင်ပကို ထွက်ပြီး ပဲခူးတိုင်းမှာ အခမ်းအနား ကျင်းပနိုင်တာဟာ တိုးတက်မှုတခုလို့ မြင်တယ်။ ရှေ့ဆက်ပြီး တယောက်နဲ့ တယောက် သံသယတွေ မရှိဘဲ ပူးပေါင်းဆောင်ရွက်ကြဖို့ ဒီကနေ့အခမ်းအနား ကနေ ဖိတ်ခေါ်ပါတယ်” ဟု ကိုကိုကြီးက ဆက်ပြောသည်။
ဆက်လက်၍ ၎င်းက ပဲခူးတိုင်း ဒေသကြီး ခရီးစဉ်အတွင်း ယာဉ်ထိန်းရဲများမှ စ၍ မြင်သာထင်သာရှိသော ပူးပေါင်း ကူညီမှုများ ရှိသကဲ့သို့ မမြင်ရသည့် ကူညီမှုများလည်း ရှိနိုင်ကြောင်း၊ တခြားသော တိုင်းဒေသကြီးများသို့ သွားရောက်လျှင်လည်း ယခုကဲ့သို့ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုများကို လိုလားကြောင်း ဖိတ်ခေါ်လိုက်သည်။
နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် နိုင်ငံသားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းသူများ ဖြစ်စေချင်ကြောင်း၊ လူထုကို အကျိုးပြုနေသော အဖွဲ့အစည်းများအား ရဲရဲတင်းတင်း ဆက်ဆံစေလိုကြောင်း၊ အပ်တိုတချောင်းမှ မရှိသော်လည်း အစိုးရ ဖြစ်နိုင်ကြောင်း ကိုကိုကြီးက ပြောသည်။
ကိုမင်းကိုနိုင် ကလည်း “လူထုက လမ်းပေါ်ထွက်တာကို ငါတို့ိကို ဆန့်ကျင်ဖို့ဆိုတဲ့ မကောင်းမြင်တဲ့ ဘက်ကမကြည့်ဘဲ သူတို့ ပူးပေါင်းပါဝင်ချင်လို့ ဆိုတဲ့ ဘက်က ကြည့်ပေးပါ။ လူထုကပဲ အနာဂတ်ကို လှပအောင်လုပ်ပေးမှာပါ” ဟု ဆိုသည်။
လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုဂုဏ်ပြုပွဲ အခမ်အနားကို ပဲခူးမြို့ရှိ ၉ လေးလုံး အဖွဲ့ဝင်များ၊
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖ စုစုပေါင်း ၅၀၀ ခန့် တက်ရောက်ခဲ့သည်။
ထောင်ဒဏ် ၂၆ နှစ် ကျခံရာမှ ပြန်လည် လွတ်မြောက်လာသော ၉ လေးလုံးအဖွဲ့ဝင် ဦးမြင့်ဦးကလည်း ပဲခူးမြို့မှ နိုင်ငံရေး အကျဉ်းသား ၆၀ ကျော်စလုံး ပြန်လည် လွတ်မြောက်လာပြီ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ဒီမိုကရေစီ အရေး ဆက်လုပ် သွားမည်ဖြစ်ကြောင်း ပြောသည်။
ကိုကိုကြီးက ၎င်းတို့ လွတ်မြောက်လာသကဲ့သို့ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက်လွတ်မြောက်ရေးကို မျှော်လင့်သည်ဟု ဆိုသည်။
“နံရံလေးဘက်ကြားက ကျနော်တို့ မိတ်ဆွေတွေနဲ့ ဒီထက် ပြည့်စုံတဲ့ ဆုံဆည်းမှုမျိုးနဲ့ ပြန်ဆုံချင်ပါတယ်” ဟု ကိုကိုကြီးက အခမ်းအနားတွင် ပြောသည်။
ပဲခူးမြို့တွင် ကျင်းပသည့် လွတ်မြောက်လာသော အကျဉ်းသားများကို ဂုဏ်ပြုသော အခမ်းအနားကို ရန်ကုန်မှ လာရောက်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုပြုံးချို၊ ကိုမြအေး၊ မနီလာသိန်း၊ မမီးမီး တို့အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ၊ ကိုကျော်ကိုကို၊ ကိုစည်သူမောင်၊ ကိုဒီငြိမ်းလင်း စသည့် ၂၀၀၇ မျိုးဆက် ကျောင်းသားများ တက်ရောက်ခဲ့သည်။
ရန်ကုန်မှ လာရောက်သည့် ကျောင်းသားခေါင်းဆောင်များသည် လွတ်မြောက်လာသော နိုင်ငံရေး အကျဉ်းသားများအား ကြိုဆိုပွဲအပြီးတွင် ပဲခူး ရွှေမော်ဓော ဘုရားကို ဝင်ရောက် ဖူးမျှော်ပြီး ရန်ကုန်သို့ ပြန်လည် ထွက်ခွာခဲ့သည်။
ဧရာဝတီသတင်းထောက် လင်းသန့် ပူးပေါင်း ရေးသားသည်။