မကြာသေးမီက ဒီမိုကရေစီအပြောင်းအလဲများနှင့် ပတ်သက်၍ “မြန်မာပြည် ခရီးသစ်အစတွင် မျှော်လင့်ချက် ရောင်ခြည်သစ်များ ရှိနေကြောင်း” အမေရိကန်သမ္မတ အိုဘားမားက ပြောဆိုလိုက်သည်။
ပူးတွဲ ကွန်ဂရက်လွှတ်တော်သို့ ယမန်နေ့က ပြောကြားသော နိုင်ငံတော် အခြေပြ မိန့်ခွန်းတွင် ယင်းသို့ မှတ်ချက်ချသွားခြင်းဖြစ်ပြီး မြန်မာပြည်အရေးနှင့် ပတ်သက်၍ အကောင်းမြင်သော သဘောကို ထင်ဟပ်သွားသည်။

သမ္မတ အိုဘားမား အစိုးရသက်တမ်းအတွင်း မြန်မာပြည် ဒီမိုကရေစီပြောင်းလဲလာမှုသည် အောင်မြင်မှုများထဲမှတခုအဖြစ် အမေရိကန်တွင် ရှုမြင်ကြသည်။
အမေရိကန်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဆင့် ပြန်လည်ထားရှိရန် ပြင်ဆင်နေပြီး ယခုရက်များအတွင်း မြန်မာနိုင်ငံသို့ သီးခြားစီ အလည်အပတ်လာရောက်သည့် အမေရိကန် လွှတ်တော်အမတ် မစ်ချ် မက်ကော်နယ်၊ ဂျွန် မက်ကိန်းတို့ကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအပေါ် အပြုသဘောဆောင်သော မှတ်ချက်များ ပေးထားသည်။
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုများနှင့် ပတ်သက်၍မူ မက်ကော်နယ်က တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေးရရှိသည်အထိ လုပ်ဆောင်ရန် တိုက်တွန်းထားသည်။ ဂျွန်မက်ကိန်းကလည်း လာမည့် ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိရန်နှင့် နိုင်ငံတကာ လေ့လာသူများကို စောင့်ကြည့်ခွင့်ပေးရန် တိုက်တွန်းထားပြီး ပိတ်ဆို့မှု ရုပ်သိမ်းရေးကို သမ္မတ အိုဘားမားအစိုးရက အလျင်စလို မလုပ်သင့်ဟု အကြံပြုထားသည်။
အခမ်းအနားတွင် သမ္မတ အိုဘားမားက အမေရိကန်ပြည်ထောင်စုသည် ပစိဖိတ်ဆိုင်ရာ အင်အားစု တခုအဖြစ် “ပူးပေါင်းဆောင်ရွက်မှုမှာ ကျနော်တို့ဟာ နျူကလီးယားဆိုင်ရာ လုံခြုံစိတ်ချရရေး လုပ်ဆောင်မှုကနေ အစာရေစာငတ်မွတ်မှု၊ ရောဂါဘယ တိုက်ဖျက်ရေး ဦးဆောင်မှုပေးတဲ့ လုပ်ငန်းစဉ်တွေအထိ၊ ကျနော်တို့ရဲ့ ရန်ဘက်တွေကို ကိုင်တွယ်နိုင်မှုကနေ ကျနော်တို့ရဲ့ အကျင့်သိက္ခာ စံနမူနာ စွမ်းအားကို ခိုင်မြဲအောင် လုပ်နိုင်မှုအထိ အမေရိကန် ပါဝင်နေခဲ့ပါတယ်” ဟု ပြောဆိုသွားပြီး နိုင်ငံခြားရေးမှုဝါဒ အောင်မြင်မှုများကို ပြောဆိုသွားသည်။
အမေရိကန်သြဇာ ကျဆင်းနေပြီဟု ပြောဆိုသူများကိုလည်း သမ္မတ အိုဘားမားက ဝေဖန်ပြောဆိုသေးသည်။
“ကျနော်တို့နဲ့ အလုပ်တွဲလုပ်ဖို့ စိတ်အားထက်သန်နေတဲ့ ကမ္ဘာတဝန်းက ခေါင်းဆောင်တွေဆီကနေ ဒီလိုစကားမျိုး မကြားရပါဘူး” ဟု သမ္မတ အိုဘားမားက ဆိုသည်။
အမေရိကန် သြဇာနှင့် ပတ်သက်၍ ယင်းသို့ ပြောဆိုမှုသည် ယခုနှစ်များအတွင်း အမေရိကန်အပေါ် ပိုမိုအကောင်းမြင်လာသည့် တိုကျိုမှ ဘာလင်အထိ၊ ကိပ်တောင်းမှ ရီယိုအထိရှိ လူထု၏ ခံစားချက် မဟုတ်ကြောင်း၊ ကမ္ဘာကြီးသည် ပြောင်းလဲနေပြီး နေရာတကာတွင် ထိန်းချုပ်ရန် ဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ၎င်း၏ သမ္မတ သက်တမ်း ကာလတလျှောက်တွင် ကမ္ဘာ့ရေးရာများ၌ အမေရိကန်သည် မရှိမဖြစ်လိုအပ်သည့် နိုင်ငံတနိုင်ငံအဖြစ် တည်ရှိနေမည် ဖြစ်ကြောင်း၊ ယင်းသို့ တည်ရှိအောင်လည်း ရည်ရွယ် လုပ်ဆောင်နေကြောင်း သမ္မတ အိုဘားမားက မိန့်ခွန်းတွင် ပြောဆိုသွားသည်။