ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်တွင်း အမတ်နေရာ အများစု အနိုင်ရယူထားရမည်ဖြစ်ပြီး ယင်းသို့ အနိုင်ရယူထားနိုင်မှသာလျှင် လွှတ်တော်အင်အား ခိုင်မာတောင့်တင်း မည်ဖြစ်ကြောင်း ယင်းပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောသည်။
ဇန်နဝါရီ ၂၁ ရက်နေ့က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော ကြံ့ဖွံ့ပါတီ အထူးအစည်းအဝေးတွင် ဦးဌေးဦးက ပြည်နယ်/တိုင်းတာဝန်ခံများ၊ လွှတ်တော်ကိုယ်စားလှယ်များကို အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“လွှတ်တော်အင်အား ခိုင်မာတောင့်တင်းဖို့၊ လွှတ်တော်ထဲမှာ ကျနော်တို့ရဲ့ ပါတီဝင်ကိုယ်စားလှယ် အများအပြား ရှိနေဖို့ လိုပါတယ်။ ဒီလိုရှိနေဖို့ဆိုရင် ရွေးကောက်ပွဲတိုင်းမှာ ကျနော်တို့ပါတီက တာဝန်ပေးအပ်ထားတဲ့ ကိုယ်စားလှယ်များ အနေနဲ့ အနိုင်ရရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ကြံ့ဖွံ့ပါတီတာဝန်ရှိသူ လွှတ်တောာ် ကိုယ်စားလှယ် များကို ပြောဆိုသည်။
ဦးဌေးဦး၏ပြောဆိုချက် အရ လွှတ်တော်တွင် ကြံ့ဖွံ့ပါတီက နေရာအများစု အနိုင်ရရှိ ထားမှသာလျှင် လွှတ်တော် အင်အား ကောင်းနိုင်မည်ဖြစ်ပြီး ကြံ့ဖွံ့ပါတီ အနိုင်မရပါက လွှတ်တော်အင်အား ချိနဲ့သွားမည်ဖြစ်ကာ တပ်မတော် အာဏာသိမ်းမှု ဖြစ်ပွားနိုင်သည် ဆိုသည့်သဘော သက်ရောက်သည်ဟု ကြံ့ဖွံ့ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် တချို့က သုံးသပ် နေကြောင်း သိရသည်။
ကြံ့ဖွံ့ပါတီသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အာဏာတည်၊ ဖြစ်တည်စေသော ပါတီဖြစ်ကြောင်း၊ ယခု ဖြစ်ပေါ် နေသော အခြေအနေများသည် ရုတ်တရက်ဖြစ်ပေါ်လာသော တိုးတက်ပြောင်းလဲမှုများ မဟုတ်ဘဲ ကြံ့ဖွံ့ အသင်းကြီး ဘဝကတည်းက ပြည်သူနှင့်အတူ ပူးတွဲ လုပ်ဆောင်ခဲ့မှုများကြောင့်ဖြစ်ကြောင်း ပြောသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာရပါတီလို့ မပြောနိုင်ပေမယ့် အာဏာကို ဖြစ်စေသော ပါတီကြီးဖြစ်ပါတယ်။ ဖြစ်ပေါ် ပြောင်းလဲမှုတွေက ရုတ်ချည်းဖြစ်ပေါ်လာတဲ့ တိုးတက်ပြောင်းလဲမှုတွေမဟုတ်ဘဲ ကျနော်တို့ ပါတီဝင်များ ကိုယ်တိုင်
အသင်းသား ဘဝကတည်းက ပြည်သူနဲ့အတူ ပူးပေါင်း လက်တွဲ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြတဲ့ အကျိုးဆက်တွေ၊ ရလဒ်တွေ ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်” ဟု ၎င်းက ဆိုသည်။
ကြံ့ဖွံ့အသင်းကို ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်မှ စတင် တည်ထောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်ကတည်းက နိုင်ငံရေး ပါတီတစ်ခုအဖြစ် အသွင်ပြောင်းရန် ပါတီဖွဲ့စည်းပုံ မူကြမ်း ရေးဆွဲခဲ့ကြောင်း၊ ယင်းမူကြမ်းကို ဗဟို အလုပ်အမှုဆောင်အဖွဲ့က အကြိမ်ကြိမ် လေ့လာ ပြင်ဆင်ခဲ့ကြပြီးမှ ပါတီစတင်ဖွဲ့စည်းသည့် ၂၀၁၀ ပြည့်နှစ် မေလတွင် ပါတီဖွဲ့စည်းပုံစည်းမျဉ်းကို အတည်ပြုထားပြီး ဖြစ်ကြောင်း၊ ကြံ့ဖွံ့ပါတီ၏ ပထမဆုံး ကျင်းပသော အထူးအစည်းဝေးတွင် ပါတီဖွဲ့စည်းပုံ စည်းမျဉ်းကို ရှင်းလင်းတင်ပြပြီး အများစု၏ အတည်ပြုချက် ရယူခဲ့ကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှုဆောင်များထံမှ သိရသည်။
အစည်းအဝေးတွင် ဦးဌေးဦးက အထက်ပါအတိုင်း ပြောဆိုခဲ့သော်လည်း ကြံ့ဖွံ့ပါတီ၏ ဒု-ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကမူ ကြားဖြတ်ရွေးကောက်ပွဲ၌ တခြားသော နိုင်ငံရေးပါတီများ အနိုင်ရလျှင်လည်း ၎င်းတို့ပါတီ အနေဖြင့် ဂုဏ်ပြု ပေးရန် ဝန်မလေးဟု ပြောဆိုခဲ့သည်။
ပြည်သူလူထုနှင့် တသားတည်းဖြစ်ရေး၊ ပြည်သူတို့ လိုအပ်ချက်များအား မဆိုင်းမတွ ဆောင်ရွက်ပေးရေးတို့အတွက် ကြံ့ဖွံ့ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ အနေဖြင့် ပြောဆိုနေသည့်တိုင် အောက်ခြေမှ လိုက်နာမှု အားနည်းနေသည့်အတွက် ပြည်သူလူထု၏ အမြင်မကြည်လင်မှုတို့ကို ကြားသိနေရကြောင်း၊ ထို့ကြောင့် အဆင့်ဆင့် လမ်းညွှန်ဆောင်ရွက်သွားရန် လိုကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု သိရသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပေါ် ဆက်ဆံထားရှိသော သဘောထားများနှင့် စပ်လျဉ်းပြီး ကြံ့ဖွပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ကြသည့် ဗဟို အလုပ်အမှုဆောင်များ အကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်လျက်ရှိသည်ဟု နေပြည်တော် ကြံ့ဖွံ့ပါတီ ဌာနချုပ်မှ စုံစမ်းသိရှိရသည်။