မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များအား နောင် မျိုးဆက်ကျန်ရှိစေရေး အတွက်
အိမ်ထောင်ပြုကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ညနေ ၆ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် မိသားစု ညစာ မိတ်ဆုံးစားပွဲအဖြစ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၉ ဦးတို့နှင့် တွေ့ဆုံရာတွင် ၎င်းက ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး အိမ်ထောင် ပြုခြင်းကြောင့် ဝန်ထုပ်ဝန်ပိုး တခု မဖြစ်စေသင့်ကြောင်းလည်း ပြောဆိုခဲ့ကြောင်း၊ ၎င်းတို့ တွေ့ဆုံချိန်မှာ ၂ နာရီခွဲခန့် ကြာမြင့်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတွင် ညီငယ်တဦးသာရှိပြီး ကိုအံ့ဘွယ်ကျော် တွင်လည်း မိခင်အိုကြီးသာ ရှိသောကြောင့် မိသားစု ကျောထောက်နောက်ခံ ရှိစေရေး၊ မျိုးဆက် ကျန်ရှိစေရေးကို ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ မိတ်ဆုံ ညစာစားပွဲ လုပ်ခဲ့ကြတာပါ။ ခွဲခွာနေတာကြာပြီဖြစ်တဲ့ မိသားစုတွေ ပြန်ဆုံတွေ့တဲ့ သဘောပါပဲ” ဟု ကိုကိုကြီး က ဧရာဝတီကိုပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ၎င်းတို့၏ အကျဉ်းထောင် အတွေ့အကြုံများ ပြောပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်း၏ နေအိမ်အကျယ်ချုပ် အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့သည်ဟု သူက ဆိုသည်။
အတွေ့အကြုံ ဖလှယ်ကြရာတွင် ၈၈ မျိုးဆက်ကျောင်းသားများက အကျဉ်းထောင်တွင်း၌ ပန်းချီဆွဲ၍ ဖြတ်သန်းခဲ့ပုံကို ပြောပြကြောင်း၊ ထို့နောက် ကိုဌေးကြွယ်က သူကိုယ်တိုင် အကျဉ်းထောင်တွင်း ရေးဆွဲခဲ့သော ပန်းချီကား တချပ်ကို လက်ဆောင်အဖြစ် ပေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ်ကာလများတွင် ပန်းချီဆွဲခဲ့ ကြောင်း ပြန်လည်း ပြောကြား၍ ၈၈ မျိုးဆက်ကျောင်းသားများကို ယောလုံချည်တထည်စီ ပြန်လည် လက်ဆောင်ပေး ခဲ့ကြောင်း သိရသည်။
ကိုမြအေးက “အနှစ် ၂၀ ကျော်ပြီပေါ့ဗျာ။ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) က လွတ်လာ၊ ကျနော်တို့က အဖမ်း ခံရနဲ့၊ နောက် ကျနော်တို့ လွတ်နေချိန် အန်တီစုက အထိမ်းသိမ်းခံရတဲ့ အခြေအနေမျိုးတွေ ဆိုတော့ တယောက်နဲ့ တယောက် မဆုံဖြစ်ကြဘူး” ဟု ဧရာဝတီကို ပြောသည်။
နိုင်ငံရေးနှင့် ပတ်သက်၍ လုံး၀ မပြောဖြစ်ဘဲ လူမှုရေး ကိစ္စများသာ ပြောဆိုဖြစ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ ပန်းတိုင်သည် ကွဲပြားမှုလည်း မရှိကြောင်း၊ ဆက်လက်တွေ့ဆုံ ဆွေးနွေးသွား ကြရန် ရှိကြောင်း သူက ဆက်ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ မကြာသေးမီက ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံ ကြိုဆိုခဲ့ပြီး ဝန်းရံ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ကျောင်းသား ခေါင်းဆောင်များသည် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ယခုတကြိမ်မှာ ပထမဆုံး တွေ့ဆုံမှု ဖြစ်သည်။