ဒါဗို့စ် ကမ္ဘာ့စီးပွားရေးညီလာခံ (World Economic Forum) သို့ သမ္မတ ဦးသိန်းစိန် ကိုယ်စား စက်မှုလုပ်ငန်း ဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ၊ စက်မှု (၁) နှင့် (၂) ဝန်ကြီး ဦးစိုးသိန်း တက်ရောက်မည်ဟု အစိုးရ အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။
ဝန်ကြီး ဦးစိုးသိန်းနှင့်အတူ လတ်တလောတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်ပေးနေသူ ဒေါက်တာ ကျော်ရင်လှိုင်လည်း လိုက်ပါမည်ဟု သိရသည်။
အဆိုပါ စီးပွားရေး ညီလာခံကို ယခုလ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့ အထိ ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ကျင်းပမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်နှင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကို တက်ရောက်ရန် ဖိတ်ကြားထားခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်မှာ လာမည့် ဧပြီလတွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးလုပ်ငန်းများ ရှိနေသည့် အတွက် ယင်းဖိုရမ်သို့ တက်ရောက်နိုင်မည်မဟုတ်ဟု သိရသည်။
ယင်း စီးပွားရေးဖိုရမ်ကို အာရှ၊ အာဖရိက၊ ဥရောပနှင့် လက်တင်အမေရိက တိုင်းပြည်များမှ ခေါင်းဆောင်များ၊ ထင်ရှားသည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ၊ အသိပညာရှင် အတတ်ပညာရှင်များ၊ နာမည်ကြီး အနုပညာရှင်များနှင့် စာနယ်ဇင်းသမားများ တက်ရောက်ကာ ဒေသတွင်းဆိုင်ရာနှင့် ကမ္ဘာ့ရေးရာ ပြဿနာများကို ဆွေးနွေးကြသည်။
ယမန်နှစ် ဇန်နဝါရီလတွင် ကျင်းပသော ဒါဗို့စ် ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပေးပို့ခဲ့ဖူးသည်။ ယင်း မိန့်ခွန်းတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ စီးပွားရေး တိုးတက် ဖွံ့ဖြိုးမှု၊ လူနေမှု အဆင့်မြင့်မားမှု စသည်တို့ကို ကမ္ဘာ့ စီးပွားရေး ခေါင်းဆောင်များက ဝိုင်းဝန်း ဆောင်ရွက်ရန် ပန်ကြားကြောင်း၊ ဆင်းရဲနွမ်းပါမှု ပပျောက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး အပါအဝင် အခြေခံ အဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ဆက်စပ် သတင်း ။ ။ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဒါဗို့စ် တက်ရန် ဖိတ်