ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများအား ကြားဖြတ်ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုသာ မဲပေးကြရန်
ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် မြန်မာအလုပ်သမားများအရေး ကူညီစောင့်ရှောက်ပေးနေသည့် အဖွဲ့တဖွဲ့က လှည့်လည် စည်းရုံးနေကြောင်း သတင်းရရှိသည်။
Grassroots Human Rights Education and Development (GHRED) အဖွဲ့၏ ဒါရိုက်တာ ကိုထူးချစ်က အကျဉ်းထောင်အသီးသီးမှ မကြာသေးခင်က လွတ်မြောက်လာကြသည့် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား ဝန်းရံသွားမည်ဟု သဘောထား ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ကြောင့် ၎င်းတို့ကလည်း နိုင်ငံသားတဦး အနေဖြင့် ဝန်းရံပေးလိုသည့်အတွက် ယခုကဲ့သို့ လက်တွေ့လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ပြောသည်။
ကိုထူးချစ်က “NLD ပါတီပဲ မဲပေးဖို့၊ ကြံ့ဖွံ့ပါတီ (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ကို လုံး၀ မဲမပေးကြဖို့ ဟောပြောတယ်။ လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွေ ရှင်းပြတယ်၊ သူတို့တွေအပြင် သူတို့ရဲ့မိသားစုတွေ၊ ပတ်ဝန်းကျင်က လူတွေကိုပါ NLD ကို မဲပေးကြဖို့ စည်းရုံးပေးနိုင်အောင်လို့ပါ” ဟု ဆိုသည်။
GHRED အဖွဲ့ကို ၂၀၀၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပညာရေး၊ အလုပ်သမားအခွင့်အရေးနှင့် လူမှုရေး အခက်အခဲများကို ကူညီဆောင်ရွက်ပေးနေကာ ယခုအခါ ထိုင်း၊ ဥရောပနှင့် မြန်မာဝန်ထမ်းများဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် အနိုင်ရလာပါက တိုင်းပြည် ဖွံံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပြည်သူတို့ စားဝတ်နေရေး ကိစ္စများ၊ ဒီမိုကရေစီအရေး စသည့် လုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်ထား၍ NLD ကိုသာ မဲပေးကြရန်နှင့်
စစ်တပ်ကျောထောက်နောက်ခံ ပြုထားသည့် ကြံ့ဖွံ့ပါတီအား လုံး၀ မဲမပေးကြရန်တို့ကို ရှင်းလင်းစည်းရုံး ဟောပြောသည်ဟု
ကိုထူးချစ်က ရှင်းပြသည်။
“NLD က ဆက်သွယ် ကမ်းလှမ်းလို့၊ နိုင်ငံခြားက ရန်ပုံငွေတွေရလို့ လုပ်တာ မဟုတ်သလို ကျနော်တို့ အဖွဲ့ထဲမှာလည်းပဲ NLD ပါတီဝင်တွေ တယောက်မှ မရှိပါဘူး” ဟု ၎င်းက ဆက်ပြောသည်။
ထိုင်းနိုင်ငံအတွင်း၌ သိန်းချီရှိသော အလုပ်သမားအများစုသည် သင်္ကြန်ကာလ မတိုင်မီ မြန်မာနိုင်ငံသို့ ပြန်လေ့ရှိကြောင်း၊ ထို့ကြောင့် ဧပြီလတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအမီ မဲပေးနိုင်ကြမည်ဟု အလုပ်သမား တချို့ကပြောကြောင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ရာဘာခြံ လုပ်ငန်းများသည် နွေရာသီ ရောက်လာတော့မည် ဖြစ်၍ မကြာခင် အလုပ်နားတော့မည်ဖြစ်ကြောင်း သိရသည်။
အလုပ်သမားများအနက် မြန်မာနိုင်ငံအရပ်ဒေသ အသီးသီးမှ တိုင်းရင်းသား လူမျိုးများ အစုံရှိသဖြင့် ၎င်းတို့ သက်ဆိုင်ရာတိုင်းရင်းသားများ၏ နိုင်ငံရေးပါတီကို ထောက်ခံမဲပေးမှုများ ရှိနိုင်ကြောင်း၊ ၎င်းတို့၏ ဆန္ဒအတိုင်း ရွေးချယ်ပိုင်ခွင့် ရှိကြောင်း၊ မိမိတို့ တိုင်းရင်းသားပါတီကို မဲမပေးလိုပါက ကြံ့ဖွံ့ပါတီကို မပေးကြရန် ဟောပြောစည်းရုံးထားသည်ဟု ကိုထူးချစ်က ရှင်းပြသည်။
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ဇာတိဖြစ်ပြီး ထိုင်းတောင်ပိုင်းရှိ ရာဘာခြံ၌ လုပ်ကိုင်နေသည့် ကိုနိုင်စံက “ကျနော် သင်္ကြန်မတိုင်ခင် ရွာပြန်မယ်။ NLD ပါတီပဲ မဲပေးမယ်။ ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ကို အလုပ်တွေပေးနိုင်မယ် ထင်လို့ပါ။ နောက်တခုက ထိုင်းမှာ မနေချင်တော့ဘူး။ ထိုင်းတွေက အလုပ်မလုပ်နိုင်ရင် တမျိုး ဆက်ဆံတတ်တယ်” ဟု
ဆိုသည်။
မြန်မာရွှေ့ပြောင်း အလုပ်သမား အများစုသည် နိုင်ငံရေး သိပ်နားမလည်သော်လည်း ပြည်သူလူထုကို အနိုင်ကျင့် အုပ်ချုပ်ခဲ့သည့် စစ်အစိုးရအဖွဲ့နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များကို လုံးဝမနှစ်သက်ကြောင်း၊ မိမိဒေသသို့ ပြန်၍ မိသားစုပိုင် လယ်ယာမြေကို လွတ်လပ်စွာ လုပ်ကိုင်စားသောက်လိုကြောင်း၊ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ရစေလိုကြောင်း ကိုနိုင်စံက ဆက်လက်ပြောသည်။
GHRED အဖွဲ့မှ ဦးဆောင်၍ ထိုင်းနိုင်ငံတောင်ပိုင်းရှိ အလုပ်သမားများကို ယမန်နေ့က စတင် စည်းရုံးဟောပြောခဲ့ကာ ဆက်တိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ အလုပ်သမားများသည် ဒီမိုကရေစီ နည်းလမ်းအရ မိမိနှစ်သက်သူအား မဲပေးခွင့်ရှိကြောင်း ရှင်းလင်းစွာ သိသွားကြပြီးနောက် အံ့သြနေကြသည်ဟု စည်းရုံးရေးတွင် ပါဝင်ခဲ့သူ ကိုထွန်းထွန်းနိုင်က ပြောသည်။
ဘန်ကောက်မြို့၌ နေထိုင်သည့် ရှမ်းပြည်နယ် ကျောက်မဲမြို့ခံ ရှမ်းတိုင်းရင်းသားတဦးက “ကျောက်မဲကိုပြန်ပြီးတော့ ကျနော်တို့ ရှမ်းပါတီကိုပဲ မဲပေးမှာပါ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံပါတယ်။ သူက တနိုင်ငံလုံးအတွက် လုပ်နေလို့ပါ” ဟု ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲကာလ အချိန်ကလည်း ကြံ့ဖွံ့ပါတီကို မဲမပေးရေးလုပ် GHRED က ဆောင်ခဲ့ဖူးသည် ဟု ကိုထူးချစ်က ဆိုသည်။
ကြားဖြတ်ရွေးကောက်ပွဲအား လာမည့် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး NLD သည် လစ်လပ်နေရာ ၄၈ နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ NLD သည် ကြံ့ဖွံ့ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ) အပါအဝင် တိုင်းရင်းသားပါတီများနှင့်လည်း ယှဉ်ပြိုင်ရမည် ဖြစ်သည်။