မြန်မာ့ အနာဂတ်အရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း နာမည်ကြီး အပတ်စဉ်ထုတ် ဂျာနယ်တစောင်မှာ ဖော်ပြလိုက်တဲ့ ဆောင်းပါးက “နောက်ကြောင်း ပြန်လှည့်လိုသူတွေ” အတွက် ရည်ရွယ်ပြောဆိုချက်ကို မေးခွန်း ထုတ်နေကြပါတယ်။
နိုင်ငံသားအားလုံး ထားရှိသင့်တဲ့ သံန္နိဌာန်မှာ “နောက်ပြန်မလှည့်ကြေး” ဖြစ်လို့ နောက်ကြောင်း ပြန်လှည့် လိုတဲ့ အဖွဲ့အစည်း၊ လူ ပုဂ္ဂိုလ်တွေဟာ နောက်ပြန်လှည့်လိုတဲ့ အကြောင်းရင်းမှန်ကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ထုတ်ဖော် ကြေညာဖို့ တိုက်တွန်း လို တယ် လို့ ဇန်နဝါရီ ၂၅ ရက်ထုတ် ဝိကလီး အလဲဗင်း ဂျာနယ်က“နေပြည်တော် အနာဂတ် သဘောတူညီချက်”ဆိုတဲ့ ဆောင်းပါး တနေရာမှာ ဖော်ပြထားပါတယ်။
မှူးဇော် ဆိုတဲ့ ကလောင်အမည်နဲ့ ရေးထားတာပါ။ မှူးဇော် ဆိုတာ လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး လို့လည်း သိရပါတယ်။
ဒီဆောင်းပါးမှာပါတဲ့ နောက်ပြန်လှည့်လိုတဲ့ လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဆိုတာတွေက တိတိကျကျ ဖော်ပြမထားလို့ ဘယ်သူတွေကို ပြောတာလဲဆိုပြီး စိတ်ဝင်တစား မေးခွန်း ထုတ်နေကြတာပါ။
တချို့ကလည်း လက်ရှိ ဦးသိန်းစိန် အစိုးရ နဲ့ စစ်တပ် အတွင်းက လူတွေလား၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းကလား၊ နှစ်ရှည် ထောင်ဒဏ် ချခံထားရာက မကြာသေးခင်က ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်တွေကို ပြောတာလား ဆိုပြီး ထင်ကြေး အမျိုးမျိုး ပေးလို့ မေးခွန်းထုတ်နေပါတယ်။
ကလောင်ရှင် မှူးဇော်က ဆောင်းပါးအစမှာ နိုင်ငံ့အရေးကို သတိမမူဘဲ နိုင်ငံသား တချို့အရေးကို ဦးစားပေးလုပ်ဆောင်နိုင်တဲ့ အလား အလာတွေကို တွေ့လာနိုင်တဲ့အတွက် နိုင်ငံ့အရေးနဲ့ နိုင်ငံသား တချို့အရေးကို ကွဲပြားဖို့လိုတယ်၊ သမ္မတကြီး ဦးသိန်းစိန် အတွက် အဓိက စိန်ခေါ်ချက်တွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို နိုင်ငံရေး လှုပ်ရှားသူ၊ နိုင်ငံ တည်ဆောက် ရေးမှာ ပါဝင်လိုသူတွေ(Stakeholder) အားလုံးကလည်း အာရုံပြု သုံးသပ်ဖို့ လိုတယ်လို့ ပြောထားပါသေးတယ်။
နိုင်ငံသား တချို့အရေး ဆိုတာကတော့ လူပုဂ္ဂိုလ် တဦးတယောက် အတွက်၊ ပုဂ္ဂလိက နိုင်ငံရေး အကျိုး၊ ပါတီ နိုင်ငံရေး အကျိုးအတွက်၊ အမျိုးသားနိုင်ငံရေး နိုင်ငံ့အရေး မဟုတ် ဆိုတဲ့ သဘော၊ အနည်းစု အကျိုးအတွက် သဘောလို့ ယူဆကြောင်း လေ့လာ သူ တဦး က ပြောပါတယ်။
“နောက် ပြန်မလှည့်ကြေး” ဆိုတာက လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေတွေ ကနေ နောက်ပြန်မလှည့်နဲ့လို့ မှူးဇော် က ဆိုတာပါ။
သမ္မတကြီး အနေနဲ့ နိုင်ငံ့အရေးအတွက် ပြတ်ပြတ်သားသား လုပ်နေတယ်၊ အခုဆိုရင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းဟာ အား လုံးပါဝင်နိုင်တဲ့(All Inclusive) ကြန်အင် လက္ခဏာတွေကို စရောက်နေပြီ၊ ဒါကြောင့် All ဟာ Inclusive ဖြစ်ဖို့လိုတယ်၊ နိုင်ငံ အနာဂတ် ဖွံ့ဖြိုးရေးဟာ နိုင်ငံသားအားလုံးရဲ့ စဉ်းစားချက်အပေါ်မူတည်တယ်၊ လာမယ့် ၄ နှစ်အတွင်း ဆက်လက်ဆောင်ရွက်ချက် တွေအပေါ် အခြေခံတယ် လို့လည်း ပြောပါတယ်၊ အခု ခင်းကျင်းထားတဲ့ လမ်းကြောင်းဟာလည်း အမိန့်အာဏာနဲ့ မဟုတ်ဘဲ လစ်ဘရယ် ပုံစံ လို့ သူက ပြောပါသေးတယ်။
ဒါကြောင့် နောက်လှည့်လိုသူတွေရဲ့သဘောထားကို ထုတ်ပြဖို့ လိုတယ်၊ ဒါမှ Stakeholder တွေကြား ပဋိပက္ခကို ရှောင်ရှားနိုင် မယ် လို့ မှူးဇော် က ဆိုပါတယ်။
မြန်မာ့ ဒီမိုကရေစီရေး ၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ သဟဇာတ ဖြစ်ပြီး ပေါင်းစည်းမိမယ့်အဆင့် မြန်မလား၊ နှေးမလား ဆိုတာဟာလည်း နယ်ပယ်အသီးသီးမှာ လှုပ်ရှားနေသူတွေရဲ့ အရည်အသွေးတွေနဲ့ ဆိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီနေရာမှာ တချို့က နောက်လှည့်လိုသူတွေကြောင့် ပြန်လှည့် သွားနိုင်မလား၊ အဲဒီလိုလှည့်ရင် ဘာတွေဖြစ်လာမလဲ ဆိုတာမျိုးတွေ လည်း ပြောဆိုတာ ကြားရပါတယ်။
မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုမှာ အာဏာရှင် စနစ် နဲ့ အာဏာသိမ်း စစ်အုပ်ချုပ်ရေး၊ စီးပွားရေး အရလည်း တပါတီ အာဏာရှင် ဦးနေဝင်း လက်ထက်မှာ ကမ္ဘာ့ အဆင်းရဲဆုံး(LDC) နိုင်ငံ အဖြစ် ဒေဝါလီ ခံခဲ့ရတာ၊ နဝတ၊ နအဖ စစ်အစိုးရ သက်တမ်း နှစ် ၂၀ လောက်အတွင်းမှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုရင်လည်း ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ ဦးနေဝင်း တဦးတည်းရဲ့ ပုဂ္ဂလိက အမျက်ဒေါသ တခုကြောင့် ပျက်ခဲ့တာ စတဲ့ အတွေ့အကြုံ မှတ်တမ်းတွေ ရှိထားပါတယ်။
သမ္မတကြီးကတော့ လက်ရှိ အခြေအနေဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်တဲ့အတွက် နောက်ပြန်လှည့်စရာ အကြောင်း မရှိဘူးလို့ မကြာသေးခင်က ဝါရှင်တန်ပို့စ် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောထားပါတယ်။
သမ္မတကြီးရဲ့ အဲဒီပြောဆိုချက်နဲ့ မရှေးမနှောင်းမှာပဲ မှူးဇော်ရဲ့“နောက်ပြန်မလှည့်ကြေး” ထွက်ပေါ်လာတာနဲ့ တိုက်ဆိုင်နေလို့ သမ္မတ က တဖက်လှည့်နဲ့ သူဖြစ်စေချင်တာကို အသံထုတ်လိုက်တာလား၊ သူများ လက်ညှိုး မလာခင် လက်ဦးမှု ယူလိုက်တာလား လို့ လည်း ဝေဖန် ပြောဆိုနေကြပါတယ်။
တချိန်တည်းမှာပါပဲ ဝါရှင်တန်ပို့စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခန်းမှာ အခုအပြောင်းအလဲ ဖြစ်စဉ်ကနေ နောက်ကြောင်း ပြန် လှည့် သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုး ရှိပါသလား ဆိုတဲ့မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လှည့်နိုင်ခြေရှိတယ်လို့ သတိထားမိကြောင်း နဲ့ ဒီဖြစ်နိုင်ခြေ အားလျော့သွားဖို့ အတော် ကြိုးပမ်းရမယ်လို့ ထင်ကြောင်း ဖြေကြားထားပါတယ်။
ဆောင်းပါးရှင် ဗိုလ်မှူး ဇော်ဌေးဟာ ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာ အတွင်းက ဝါရှင်တန်ပို့စ်သတင်းစာမှာပဲ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေကို တရုတ်နဲ့ ဆက်စပ် ခင်းကျင်းပြပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကိုလိုအပ်ကြောင်း မျက်စ ပစ်တဲ့ သဘော ရေးသားခဲ့ပါတယ်။ မကြာခင် အမေရိကန်-မြန်မာ ဆက်ဆံရေး ပြန်စတဲ့ အနေနဲ့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် မြန်မာကို ရောက်လာခဲ့တာဟာ တိုက်ဆိုင်မှု တခုလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အခုပြောတဲ့ “နောက်ပြန် မလှည့်ကြေး”ဟာလည်း သိစေလိုသူတွေကို ပစ်မှတ်ထားပြီး မျက်စ ပစ်လိုက်တာလား၊ ရေလာ မြောင်းပေး လုပ်တာလား၊ စိန်ခေါ်တာလား၊ သတိပေး တာလား ဆိုတာကို လေ့လာသူတွေကြား သို့လော သို့လော ဖြစ်နေကြ ပါတယ်။ ။