သတင်း

သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှုများ စစ်တပ် ထောက်ခံ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမ္မတ ဦးသိန်းစိန် ဆောင်ရွက်နေသော နိုင်ငံရေးအပြောင်းအလဲများနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်အတွင်း ထောက်ခံမှုများရရှိနေကြောင်း စစ်တပ်အသိုင်းအဝန်းမှ စုံစမ်းသိရှိရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းတို့ကို တပ်မတော်အတွင်းမှ အရာရှိအရာခံ အကြပ်တပ်သားများက နှစ်သက်ကြကြောင်း သိရသည်။

ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာရှိစဉ်က သမ္မတ ဦးသိန်းစိန်သည် အမိန့်နာခံ၍ အကောင်အထည်ဖော်ရသူ ဖြစ်ပြီး ယခု  သမ္မတ တာဝန်ယူရသည့်အခါ သူ၏ လုပ်ဆောင်မှုများသည် တပ်မတော်၏ သမိုင်းကောင်းစေရန် ဖြစ်သည်ဟု တပ်မတော်သား အများစုက ယူဆကြောင်း စစ်ဘက်အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ဆိုသည်။

သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ အကြားဆက်ဆံရေးမှာ ကောင်းမွန်သော်လည်း အဖုအထစ် အနည်းငယ်ရှိကြောင်း သိရသည်။

“တခါတလေ ဦးမင်းအောင်လှိုင်က ထင်ရာမြင်ရာ လုပ်ချင်တာလေးတွေကို ဟန့်တာပြုတာကလွဲပြီးရင် ဆက်ဆံရေးကောင်းတယ်” ဟု အဆိုပါ နီးစပ်သူက ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ယခုလအတွင်း ထိုင်းနိုင်ငံသို့ အလည်အပတ်ခရီး သွားရောက်ရာ၌ ဒီမိုကရေစီစနစ်ကို ထူထောင်ရာတွင် မြန်မာ့တပ်မတော်အနေဖြင့် နောက်ကြောင်းပြန်လှည့်ရန် ဆန္ဒမရှိကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် ဝါရှင်တန်ပို့စ် သတင်းစာတို့ တွေ့ဆုံမေးမြန်းခန်းတွင် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံသည် စစ်တပ်အာဏာကို ဦးစားပေးလွန်းကြောင်း၊ လက်ရှိအခြေအနေအရ သမ္မတ ဦးသိန်းစိန်မှာ နိုင်ငံဥသျှောင်ဖြစ်သော်လည်း အာဏာအပြည့်အ၀ ရှိသည်ဟု ကျိန်းသေမဆိုနိုင်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်မှ လိုအပ်သည်ဟု ယူဆလျှင် အာဏာ အလုံးစုံကို လွှဲပြောင်းရယူနိုင်ကြောင်း၊ သမ္မတ ဦးသိန်းစိန်အား တပ်မတော်မှ မည်မျှထောက်ခံသည်ကို မသိသော်လည်း စစ်သားဟောင်းတဦးဖြစ်သည့်အတွက် ထောက်ခံမှု အထိုက်အလျောက်ရှိမည်ဟု ခန့်မှန်းကြောင်း ပြောဆိုခဲ့သည်။

ကချင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်တန့်ရန်  သမ္မတ ဦးသိန်းစိန်၏ ညွှန်ကြားချက်ကို ဗိုလ်ချုပ် ကြီး မင်းအောင်လှိုင် လက်အောက်ရှိ စစ်တပ်က လိုက်နာခြင်းမရှိပေ။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် တပ်မတော်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့လက်ထက်က ခန့်ထားခဲ့သည့် စစ်အရာရှိကြီးများကို အပြောင်းအရွှေ့များ ပြုလုပ်ခြင်း၊ နုတ်ထွက်စေခြင်းများ ပြုလုပ်၍ ၎င်း၏ သြဇာကို  တည်ဆောက်နေကြောင်း တပ်မတော် အရာရှိကြီးတဦးက ဧရာဝတီသို့ ပြောသည်။

“ဦးသန်းရွှေ သမီးတွေနားက လူတွေ၊ လားရှိုးတို့ ရခိုင်တို့ဘက်က တိုင်းကာနယ် (ဗိုလ်မှူးကြီး) တွေကို ပြောင်းရင်ပြောင်း၊ မပြောင်းချင်ရင်ထွက်ဆိုပြီး လုပ်တော့ တော်တော်များများ ထွက်ကုန်တယ်” ဟု ၎င်းက ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရာထူးမှ အနားမယူမီက တိုင်းမှူး တပ်မမှူးနေရာအတွက် လျာထားခဲ့သည့် စစ်ဘက်အရာရှိကြီး တချို့ကို ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော်အတွင်း အရေးမကြီးသည့် နေရာများသို့ ပြောင်းရွေ့ခဲ့သေးသည်။

သမ္မတ ဦးသိန်းစိန်မှာ စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၉ ကျောင်းဆင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကကကြည်း) တွင် စစ်ဦးစီးပထမတန်း (Col.GS) တာဝန်ယူခဲ့သူဖြစ်သည်။ ထို့နောက် ရန်ကုန်တိုင်း အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) ၄ တွင် တပ်မမှူး၊ ၁၉၉၇ ခုနှစ်တွင် ရှမ်းပြည်အရှေ့ပိုင်း တြိဂံတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ရေးချုပ် စသည့်တာဝန်များ ထမ်းဆောင်ခဲ့သည်။

တပ်မတော်၏ ထုံးစံအရ အထက်အောက်စနစ်တွင် ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၀ ခု ကွာခြားသည်။

လက်ရှိကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှာ စစ်တက္ကသိုလ် (DSA) အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်ပြီး ၂၀၀၁ ခုနှစ်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့အခြေစိုက် တပ်မ ၄၄ တပ်မမှူး၊ ထို့နောက် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တြိဂုံတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ ရေ/လေ) စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading