စာပေစိစစ်ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ပြည်တွင်းသတင်း ဂျာနယ်များမှ အယ်ဒီတာချုပ်များနှင့် တာဝန်ရှိသူများကို ခေါ်ယူ၍ စာပေစိစစ်ရေးဌာနက ချမှတ်ထားသော စည်းကမ်းများကို လိုက်နာပြီး သတင်းဂျာနယ်များ ထုတ်ဝေကြရန် မေတ္တာရပ်ခံလိုက်ကြောင်း သတင်း ရရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်မှ စာပေစိစစ်ရေး ဌာနတွင် ဇန်နဝါရီ ၂၅ ရက်နေ့က အထူးအစည်းအဝေး တရပ် ခေါ်ယူကျင်းပစဉ် ဦးတင့်ဆွေက သတင်းဂျာနယ် တာဝန်ရှိသူများအား အထက်ပါအတိုင်း မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။
သတင်းဂျာနယ်များသည် လတ်တလော သတင်းထုတ်ဝေကြရာတွင် ပြန်ကြားရေးဝန်ကြီးဌာနက ချမှတ်ထားသော စည်းကမ်းချက် များကို လိုက်နာ လုပ်ဆောင် ကြစေလိုကြောင်း၊ ယခု အချိန်သည် အပြောင်းအလဲ ကာလလည်း ဖြစ်နေပြီး လက်ရှိတွင် မီဒီယာ ဥပဒေလည်း လုံး၀ မရှိသေးသည့်အတွက် စည်းကမ်းပိုင်း လိုက်နာသင့်ကြောင်း၊ လိုအပ်သည်များကို စာပေစိစစ်ရေး ဌာနက ကူညီပေးမည် ဖြစ်ကြောင်း ဦးတင့်ဆွေက ထုတ်ဝေသူများ၊ သတင်းဂျာနယ်များမှ တာဝန်ရှိသူ များကို ခေါ်ယူပြောဆိုသည်။
“ဗိုလ်မှူးတင့်ဆွေက ဂျာနယ်တွေ စည်းကမ်းလိုက်နာပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ ဌာနက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်း တွေကို တိတိကျကျ လိုက်နာကြဖို့ ပြောတယ်။ ခေါ်ယူကြိမ်းမောင်းတာမျိုးတော့ မဟုတ်ဘူး။ အားလုံးကို
ပြေပြေလည်လည် ရှင်းပြတာပါ” ဟု အစည်းအဝေး တက်ရောက်ခဲ့သော သတင်းဂျာနယ်တာဝန်ခံ အယ်ဒီတာတဦးက ပြောသည်။
ပြည်တွင်း သတင်းဂျာနယ်များသည် နိုင်ငံရေးအကျဉ်းသားများအား နောက်ဆုံး လွှတ်ပေးလိုက်ချိန်တွင် စာပေစိစစ်ရေးသို့ မတင်ပြကြတော့ဘဲ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ပြန်လည်လွတ်မြောက် လာကြပုံများကို ခွပ်ဒေါင်းအလံ ဓတ်ပုံ များနှင့်တကွ ဂျာနယ်မျက်နှာဖုံးများတွင် ဝေဝေဆာဆာ ဖော်ပြခဲ့ကြကြောင်း၊ ယင်းနောက် သတင်းဂျာနယ်အများစုက စည်းကမ်း လိုက်နာမှုပိုင်း အားနည်းလာသဖြင့် ဦးတင့်ဆွေက ခေါ်ယူပြောဆို မေတ္တာရပ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
စည်းကမ်းလိုက်နာမှု အားနည်းလာချိန်တွင် ရွှေညဝါဆရာတော် ဦးပညာသီဟ သာဓုကျောင်းတိုက်မှ နှင်ထုတ်ခံရသော သတင်း ဖြစ်ပေါ်လာသောအခါ ဦးတင့်ဆွေက သတင်းဂျာနယ်များအားလုံးတွင် ယင်းသတင်းကို လုံး၀ မဖော်ပြရန် သတိပေးခဲ့ပြီး ၈၈ ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုချက်များကိုလည်း အပြုသဘောဆောင်သော ပြောဆိုမှုအပ ကျန်ပြောဆိုမှုများ အားလုံးကို စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ဦးတင့်ဆွေက မီဒီယာဥပဒေအကြောင်း အနည်းငယ် ပြောဆိုရှင်းပြခဲ့ပြီး မီဒီယာဥပဒေကို ပြန်ကြားရေးဝန်ကြီးဌာနက မျှတစွာ ရေးဆွဲထားကြောင်း ရှင်းပြခဲ့သည်။
ယခုအချိန်တွင် သတင်းဂျာနယ်များအတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ တရားမဝင် မဲဆွယ်မှုများ၊ စစ်ဘက်ဆိုင်ရာ သတင်းများ၊ ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသော သတင်းများ၊ အစိုးရ အရာရှိကြီးများ ပါဝင်ပတ်သက်သော လာဘ်ပေးလာဘ်ယူ စုံစမ်းဖော်ထုတ်မှုများ၊ အုပ်ချုပ်ရေးအာဏာပိုင် အဆင့်ဆင့်၏ မမှန်ကန်သော လုပ်ရပ်များကို စုံစမ်းဖော်ထုတ်ထားသော သတင်းများ ဖော်ပြခွင့်မရဘဲ ပိတ်ပင်ခံနေရဆဲ ဖြစ်သည်ဟု ပြည်တွင်း သတင်း မီဒီယာ သမားများက ပြောသည်။