ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေပြီး ၎င်း၏ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဘီးယားကိုလည်း အချိန်ပြည့် မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်ထားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“မြန်မာအာဏာပိုင်တွေနဲ့ ထပ်မံဆွေးနွေးဖို့ ကျနော် သိပ်မကြာခင်မှာ မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်နေပါတယ်” မစ္စတာ ဘန်ကီမွန်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များကို ပြောသည်။
ကုလသမဂ္ဂသည် မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွင် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
“သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာတွေ အပါအဝင် လက်ရှိလုပ်ဆောင်နေတာကို အလွန်ပဲ ကျေနပ်အားရပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ပြောကြားသည်။
မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့ပြီးဖြစ်ပြီး ၎င်း၏ အထူးကိုယ်စားလှယ်အပါအဝင် ကုလသမဂ္ဂ ထိပ်တန်းအရာရှိများလည်း သီးခြားစီ လာရောက်ခဲ့ကြပြီးဖြစ်သည်။
မစ္စတာ ဘန်ကီမွန်းက “နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စေ့စပ်ညှိနှိုင်းမှု ပေါ်ပေါက်လာစေဖို့ သူတို့တွေက အခြေခံအခင်းအကျင်းတွေ လုပ်ပေးနေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ မြန်မာ့မိတ်ဆွေများအဖွဲ့ကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကျနော်ဦးဆောင်ပြီး မြန်မာ့ဒီမိုကရေစီဖြစ်စဉ်ကို ထောက်ခံအားပေးဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ အားကောင်းစေဖို့ အဲဒီအခြေခံတွေပေါ်မှာ လုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောသည်။
ယခု ရလဒ်များသည် ပူးပေါင်းပါဝင်သူအားလုံး၏ စုစည်းစွာ လုပ်ဆောင်မှု ရလဒ်ဖြစ်ကြောင်း၊ ဂုဏ်ယူစွာ ပြောလိုသည်မှာ လူသိနည်းသည့် သံတမန်နည်းဖြစ်စေ၊ လူသိရှင်ကြား သံတမန်နည်းနှင့် ဖြစ်စေ နည်းနှစ်ရပ်စလုံးကို အဆက်မပြတ် စိတ်ရှည်ရှည်ဖြင့် တချိန်လုံး အသုံးပြုခဲ့ကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
မြန်မာအာဏာပိုင်များနှင့် တချိန်လုံး တိုက်ရိုက် ပြောဆို ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဤချဉ်းကပ်မှုဖြင့် ရလဒ်ထွက်ပေါ်လာကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ဆက်လက်ပြောသည်။
ထို့အပြင် ၎င်း၏ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဗီးယားကိုလည်း သူ၏ မြန်မာပြည်ဆိုင်ရာ အချိန်ပိုင်း ကိုယ်စားလှယ်အဖြစ်မှ အချိန်ပြည့် အထူးကိုယ်စားလှယ်အဖြစ်သို့ ပြောင်းလဲခန့်ထားတော့မည်ဟု ကြေညာသွားသည်။
ဤကာလအတောအတွင်းတွင်ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် အသစ်ခန့်အပ်လိုက်သော အမေရိကန်ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး နီရူပါမာ ရာအိုနှင့် ဝါရှင်တန်တွင် တွေ့ဆုံရာ၌ မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
အိန္ဒိယသံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဗီရန်ဒါ ပေါလ်က “နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ သံအမတ်ကြီး ရာအိုတို့ တွေ့ဆုံရာမှာ အာဖဂန်နစ္စတန် အခြေအနေ၊ အီရန်နိုင်ငံ၊ မြန်မာနိုင်ငံတို့နဲ့ ပတ်သက်လို့ ဖြစ်ထွန်းမှုအခြေအနေတွေအပေါ် ဒေသတွင်းက နှစ်ဖက် အကျိုးစီးပွားကိစ္စတွေကို အမြင်ဖလှယ်ခဲ့ကြပါတယ်” ဟု ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းကလည်း ကလင်တန်နှင့် ရာအို တွေ့ဆုံရာတွင် မြန်မာနိုင်ငံအရေး ဆွေးနွေးခဲ့သည်ဟု သတင်းထောက်များကို အတည်ပြု ပြောကြားသည်။
်