သတင်း

မင်္ဂလာတောင်ညွန့် မီးလောင်မှု အဓိကအကြောင်းရင်း ပေါ်ပြီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မီးသတ်သမားများ၊ အရပ်သားများ အသက်ဆုံးရှုံးခဲ့ရပြီး လူအများအပြား ဒဏ်ရာပြင်းထန်စွာ ရခဲ့သော ရန်ကုန် မင်္ဂလာတောင် ညွန့် ကူးတို့ဆိပ် ဂိုဒေါင် မီးလောင်ပေါက်ကွဲမှု အဓိက အကြောင်းရင်းကို စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

မီးလောင် ပေါက်ကွဲမှုဖြစ်ပွားသည့် နေရာကို ၂၀၁၁ ခု ဒီဇင်ဘာ ၂၉ ရက် နေ့ နံနက်လင်းချိန်က တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

“မီးလောင်ချိန်တွင် ဂိုဒေါင် အမှတ်(၇၉)အတွင်း၌ ဓာတုဗေဒ ပစ္စည်းတန်ချိန် ၁၀၇ ဒသမ ၇၄၂ တန်၊ ပရဆေးမျိုးစုံ တန်ချိန် ၈၈ ဒသမ ၆၅၂ တန် သိုလှောင်ထားရှိကြောင်း သိရသည်။ ထိုသို့ ဓာတုဗေဒ ဆေးပစ္စည်းများ ယမ်းများအပါအဝင် အချို့ပစ္စည်းများအား တရားမဝင်သိုလှောင်ထားမှုကြောင့် မီးအရှိန်ဖြင့် ဓာတ်ပြုပြီး ပြင်းထန်သော ပေါက်ကွဲမှုကြီးဖြစ် ပွားခဲ့ရကြောင်း စုံစမ်းသိရှိရသည်”ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားထားသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော ဂိုဒေါင်းများကို ပရဆေးပစ္စည်း ရောင်းချသူများက အစိုးရ ဌာနဆိုင်ရာမှ ငှားရမ်းသုံးစွဲထားခဲ့ကြခြင်းဖြစ် သည်။ ထိုဂိုဒေါင်များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပိုင်ဆိုင်ပြီး အငှားချထားသည့် ဂိုဒေါင်များ ဖြစ် ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိတဦးက ဆိုသည်။

“အဲဒီ ဂိုဒေါင်တွေက ကျနော်တို့ စည်ပင်နဲ့မပတ်သက်ပါဘူး။ ကျနော်တို့လည်း စစ်ဆေးရေးအဖွဲ့ထဲမှာ မပါဘူး။ ဂိုဒေါင် တွေက စီးပွား/ကူးသန်း ဝန်ကြီးဌာနပိုင်တွေပါ။ ကျနော်တို့ ဂိုဒေါင်တွေ မဟုတ်ပါဘူး”ဟု ၎င်းက ပြောသည်။

စီးပွား/ကူသန်း ဝန်ကြီးဌာနကို အငှားချထားမှုနှင့် အန္တရာယ်ရှိ ပစ္စည်းများ တရားမဝင်သိုလှောင်ထားမှုကို ကြိုတင်စစ်ဆေးမှု ရှိမရှိ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ပြန်လည်ဖြေကြားခြင်း မရှိပေ။

ယင်းမီးလောင်မှုသည် မြန်မာနိုင်ငံ မီးလောင်မှုသမိုင်းတွင် အကြီးကျယ်ဆုံးဖြစ်ကြောင်း မီးသတ်ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် က သတင်းသမားများကို မှတ်ချက်ပေး ပြောကြားခဲ့သည်။

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ဘေး မေတ္တာမွန် ဝင်းအတွင်းရှိ ပစ္စည်းဂိုဒေါင်ရုံတချို့တွင် ၂၀၁၁ ခု ဒီဇင်ဘာ ၂၉ ရက်နေ့က မီးလောင်ပေါက်ကွဲမှုကြောင့် ဂိုဒေါင် ၁၆ လုံး၊ အိမ်ခြေ၂၂၆ လုံး ပျက်စီးသွားခဲ့ပြီး မိသားစုပေါင်း၂၁၆ စု၊ လူဦးရေ ၁၀၃၈ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း ၁၀၀၀ ကျော်ရှိကြောင်းလည်း မီးသတ်ဦးစီးဌာနက သတင်း ထုတ်ပြန် ခဲ့သည်။

ပြည်တွင်းပြည်ပ သတင်းဌာနများက မီးလောင်မှုနှင့် ပြင်းထန်သော ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၂၀ ခန့်ရှိ၍ ဒဏ်ရာရ သူ ၉၀ ခန့်ရှိခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် မီးသတ်သမား ၅ ဦးလည်း ပါဝင်ကြောင်း ဖော်ပြသည်။

မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တရက်ထုတ် အစိုးရ သတင်းစာများတွင်မူ သေဆုံးသူ ၁၇ ဦးနှင့် ဒဏ်ရာရသူ ၈၃ ဦး ရှိပြီး အိမ်ထောင်စု ၁၄၀ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းမီးလောင်ပေါက်ကွဲမှု ဒေသခံ မီးဘေးဒုက္ခသည်များကို ဒေါ်အောင်ဆန်းစုကြည်၊ မဖြူဖြူသင်း အစရှိသူများနှင့်အနုပညာရှင် များအပါအဝင် လူမှု ကူညီရေး ပြုလုပ်သူများက သွားရောက် အားပေး ကူညီခဲ့ကြသည်။

ထိုဖြစ်ရပ်သည် ရန်ကုန်နှင့် အနီးတဝိုက်တွင် အလွန်ထိတ်လန့်တုန်လှုပ်ခဲ့ကြပြီး ပြင်ထန်သည့် ပေါက်ကွဲမှုများ ဖြစ်ရခြင်းနှင့် မီး လောင်ကျွမ်းမှု ကြီးမားပြီး လူအများသေဆုံးခဲ့ရသည့် အကြောင်းရင်းကို အလွန်သိချင်ခဲ့ကြကြောင်းဟု ရန်ကုန်မြို့ခံများက ပြော ဆိုသည်။

ယခုကဲ့သို့ အကြောင်းရင်းမှန် စုံစမ်းသိရှိခဲ့ရပြီးနောက်ပိုင်း ဆက်လက်အရေးယူသွားမည်ဟု ယနေ့ သတင်းစာများတွင် ပါရှိသည်။

“အသေးစိတ် ထပ်မံစစ်ဆေးပြီးတဲ့အခါ ပေါ်ပေါက်လာတဲ့ ပြစ်မှုတွေအပေါ် အမှုကို ခိုင်မာစွာတည်ဆောက်ပြီး ဥပဒေနဲ့ အညီ အရေးယူနိုင်ဖို့ ဆောင်ရွက်သွားမှာပါ”ဟု မင်္ဂလာတောင်ညွန့်မြို့နယ် ရဲ စခန်းမှူး ရဲအုပ် မောင်မောင်အောင်(အမှုစစ်) ၏ ပြော ဆိုချက်ကိုလည်း သတင်းစာတွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading