လူနေမှု အဆင့်အတန်းမြှင့်တင်ရေးနှင့် ဖွံ့ဖြိုးရေးဖြစ်စဉ်တို့အတွက် တဟုန်ထိုးစတင်ရန် သမိုင်းဝင်အခွင့်အလမ်းကြီးကို မြန်မာအစိုးရသစ် ရရှိနေကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်ခေါင်းဆောင်က ပြောကြားလိုက်သည်။
၁၉၉၉ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စတင်ထုတ်ပြန်လိုက်သည့် IMF ၏ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးသုံးသပ်ချက် စစ်တမ်းတွင် မြန်မာနိုင်ငံဆိုင်ရာ IMF ကိုယ်စားလှယ်ခေါင်းဆောင် Meral Karasulu ၏ ပြောဆိုချက်ကို ဖော်ပြထားခြင်းဖြစ်ပြီး စစ်အစိုးရလက်ထက်ကတည်းက ကျဆင်းနေသော မြန်မာ့စီးပွားရေးသည် ယခုဘဏ္ဍာ ရေးနှစ် ၂၀၁၁-၂၀၁၂ တွင် ၅.၅ ရာခိုင်နှုန်း၊ လာမည့်ဘဏ္ဍာရေးနှစ် ၂၀၁၂-၂၀၁၃ တွင် ၆ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်းလည်း ယင်းစစ်တမ်းက ဖော်ပြထားသည်။
သမ္မတဦးသိန်းစိန် အစိုးရ၏ ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံအားပေးသော်လည်း စီးပွားရေး တည်ငြိမ်မှုအတွက် လုပ်ဆောင်စရာများ ရှိနေသေးကြောင်း အမေရိကန်နိုင်ငံ ဝါရှင်တန်အခြေစိုက် IMF က အလေးပေး တိုက်တွန်းထားသည်။
နိုင်ငံစီးပွားရေးတည်ငြိမ်စေရန် ရှုပ်ထွေးနေသည် နိုင်ငံခြားငွေကြေး လဲလှယ်မှုစနစ်ကို ဦးစားပေးပြုပြင်ပြောင်းလဲရန် လိုအပ်သည့်အပြင် စီမံခန့်ခွဲမှုအပိုင်းကိုလည်း မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ထိမ်းထားရန်အတွက် ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် တိုးတက်မှု အလားအလာ အမြင့်ဆုံးရှိနေပြီး ကြွယ်ဝသော သဘာဝသယံဇာတများ၊ လူငယ်လုပ်အား သွင်းအားစုနှင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံကြီးတချို့နှင့် နီးစပ်မှုတို့၏ အားသာချက်ကို အသုံးချနိုင်ခဲ့လျှင် အာရှ၏ နောက်ထပ် စီးပွားရေးမျက်နှာစာတခု ဖြစ်လာနိုင်ကြောင်း IMF စစ်တမ်းက ဆိုသည်။
ယခုလ ဇန်နဝါရီလ ၉ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း Meral Karasulu ဦးဆောင်သည့် IMF ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး အစိုးရအာဏာပိုင်များ၊ နိုင်ငံတော်ဗဟိုဘဏ် တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှုကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ပိုမိုပြုလုပ်ရန်၊ စီးပွားရေး အခန်းကဏ္ဍကို ခေတ်မီအောင်ပြုပြင်ရန်၊ ကုန်သွယ်ရေးတွင် ပိုမိုလွတ်လပ်ခွင့်ပေးရန်တို့ကို ဆွေးနွေးခဲ့သည်။
မြန်မာအစိုးရသစ်သည် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းကို ပြောင်းလဲရန် ပြီးခဲ့သည်နှစ်ကတည်းက အကူအညီတောင်းခံခဲ့ရာ IMF Article VIII 2011 Mission အဖွဲ့ရောက်ရှိလာပြီး နိုင်ငံခြားငွေကြေးဆိုင်ရာ ကန့်သတ်တားမြစ်ချက်များနှင့် အမျိုးမျိုးသော ငွေကြေးဖလှယ်မှုများ၏ ပြဿနာ ဇစ်မြစ်များကို လေ့လာခဲ့သေးသည်။
အစိုးရသည် လာမည့်ဧပြီလ ဘဏ္ဍာရေးနှစ်သစ်မှ စတင်ကာ မြန်မာကျပ်ငွေနှင့် အမေရိကန် ဒေါ်လာလဲလှယ်မှုနှုန်းကို ယခင် သတ်မှတ်ထားသည့် ၆ ကျပ်အစား အမှန်တကယ် ပေါက်ဈေးနှင့် နီးစပ်သည့် တဒေါ်လာလျှင် ၈၀၀ ကျပ်နှုန်းသို့ ပြင်ဆင်သတ်မှတ်တော့မည်ဖြစ်ကြောင်း အစိုးရနှင့်နီးစပ်သည် ဘဏ်လုပ်ငန်းရှင်တဦးက ဆိုသည်။
ပြည်တွင်းအခြေစိုက် ပေါ်ပြူလာဂျာနယ်၏ အင်တာနက် စာမျက်နှာတွင်လည်း ယခင်အစိုးရအဆက်ဆက်က သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို လာမည့် ဧပြီလ ၁ ရက်နေ့တွင် တရားဝင်ပယ်ဖျက်ပြီး နှုန်းရှင်ငွေလဲလှယ်နှုန်းကို ပြောင်းလဲတော့မည်ဖြစ်ကြောင်း နိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတဦးကို ကိုးကား၍ ရေးသားထားသည်။
အစိုးရသစ်သည် သက်တမ်းကိုးလအတွင်း စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အမျိုးမျိုး ပြုလုပ်ခဲ့ရာ ဘဏ်တိုးနှုန်းများကို လျှော့ချပေးခြင်း၊ ကုန်သွယ်ခွန်များ လျော့ချပေးခြင်းတို့ ပါဝင်သည်။
ယခုနှစ် ခေါ်ယူသည့် လွှတ်တော်များတွင် ပြင်ဆင် ပြောင်းလဲ ဖြည့်စွက်ရန် လိုအပ်သည့် စီးပွားရေး၊ ငွေကြေးနှင့် ဘဏ္ဍာဆိုင်ရာ ဥပဒေစည်းမျဉ်းများကို အဓိက တင်သွင်းဆွေးနွေးမည်ဟု သမ္မတဦးသိန်းစိန် အစိုးရက ပြောဆိုထားသည်။