ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအတွက် ရန်ပုံငွေတရပ် ထူထောင်ရန် ယနေ့ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော် အစည်းအဝေး၌ တင်သွင်းခဲ့ရာ အတည်ပြုပေးလိုက်ကြောင်း သိရသည်။
ထိုအဆိုအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်က တင်သွင်းပြီး ကြံ့ဖွံ့ပါတီဝင် ကိုယ်စားလှယ် နှစ်ဦးက ထောက် ခံဆွေးနွေးကာ ချက်ချင်း အတည်ပြုပေးလိုက်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တချို့က ဧရာဝတီကို ပြောသည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) မှ ကိုယ်စားလှယ် ဒေါ်နန်းဝါနုက ထောက်ခံဆွေးနွေးရန် တောင်းဆိုခဲ့ရာ
ဆွေးနွေးခွင့် မပြုဟု သိရသည်။
“ဒေါ်နန်းဝါနုက ဆွေးနွေးဖို့ မတ်တပ်ရပ်ပြီး မိုက်ကရိုဖုန်းခလုပ် ဖွင့်ခွင့် တောင်းတော့ ဥက္ကဋ္ဌက မိုက်ဖွင့် မပေးဘူး၊ ကြံ့ဖွံ့ ကိုယ်စားလှယ် တယောက်က ဆွေးနွေးဖို့တောင်းတော့ ခွင့်ပြုတယ်။ ပြီးတာနဲ့ အတည်ပြု လိုက်တယ်။ ကြံ့ဖွံ့ ကိုယ်စားလှယ် တွေ ပြီးရင် ပြီးရမယ်ဆိုတဲ့ သဘော သက်ရောက်သွားတာပေါ့” ဟု ကိုယ်စားလှယ် တဦးက ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စသည် ချက်ချင်းအကောင်အထည်ဖော်ရမည့် အရာဖြစ်ပြီး ရန်ပုံငွေထူထောင်၍ ဆောင်ရွက်သွား မည် ဆိုသည့်အတွက် ပြည်တွင်းငြိမ်းချမ်းရေးအား အချိန်မည်မျှ ကြာအောင် ဆောင်ရွက်ရမည်နည်းဟု လွှတ်တော် ကိုယ်စား လှယ်များက မေးခွန်းထုတ်နေကြသည်။
သင်္ဃန်းကျွန်းမြို့နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဥပဒေကြမ်း အဆို ၃ ခု တင်သွင်းရာ နှစ်ခုကို
ပြန်လည် ရုပ်သိမ်းပေးခဲ့ရပြီး လွှတ်တော်မှတ်တမ်းအဖြစ် သိမ်းထားရန် တင်ပြခဲ့ကြောင်း သိရသည်။
ဦးသိန်းညွန့်၏ အဆိုများမှာ တရားမဝင်သော နည်းလမ်းဖြင့် ရရှိသည့်ငွေကြေးနှင့် ပစ္စည်း ထိန်းချုပ်သည့် ဥပဒေကို ပြင်ဆင်ရန်၊ ၁၈၆၁ ခုနှစ်က ပြဌာန်းခဲ့သည့် အသရေဖျက်မှု ဆိုင်ရာ ဥပဒေကြမ်းနှင့် တရားရုံးချုပ် ရှေ့နေများနှင့် သက်ဆိုင်သည့် ဥပဒေကြမ်း တို့ကို တင်သွင်းခဲ့ကြောင်း ဦးသိန်းညွန့်က ပြောသည်။
“တရားမဝင်တဲ့ နည်းလမ်းတွေကရတဲ့ ငွေကြေးနဲ့ ပစ္စည်းတွေ ထိန်းချုပ်တဲ့ ဥပဒေကြမ်းကို ပြင်ဆင်ဖို့၊ လာဘ်ပေး၊ လာဘ်ယူ ကိစ္စတွေကိုပါ ထည့်သွင်းပေးဖို့ ပြောတော့ ပြည်ထဲရေး ဝန်ကြီးက သူတို့ အခါအားလျှော်စွာ ထုတ်ပြန်တာတွေမှာ ပါမယ်၊ ဒါကြောင့် မလိုအပ်ဘူး ဆိုလို့ ကျနော်က ပြန်လည် ရုပ်သိမ်းပေးခဲ့ရပါတယ်” ဟု ဦးသိန်းညွန့်က ဧရာဝတီကို ရှင်းပြသည်။
ယနေ့ အမျိုးသားလွှတ်တော်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေကြမ်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဆိုင်သည့် ဥပဒေကြမ်းနှင့် ဝန်ထမ်း အမျိုးသမီးများ မီးဖွားခွင့် ပိုမိုရရှိရေး အဆို တို့ကို ဆွေးနွေးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
၂၀၁၂ တွင် ပထဆုံးအကြိမ် အဖြစ် လွှတ်တော်အစည်းအဝေးများကို နေပြည်တော်တွင် ယနေ့ စတင် ကျင်းပသည်။