တနင်္သာရီတိုင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာတွင်ပါဝင်သည့် ကျေးရွာ၂၀ နီးပါးမှ အိမ်ခြေ ၄၀၀၀ နီးပါး ပြောင်း ရွှေ့ရန် အာဏာပိုင်များ က စီစဉ်နေခြင်းအပေါ် ဒေသခံများ က စိုးရိမ်နေကြကြောင်း သိရသည်။
“ပြောင်းရမယ့် အခြေအနေတွေကို ရှင်းပြတာ မရှိသေးတော့ အနာဂတ် စားဝတ်နေရေးအတွက် စိုးရိမ်မှုတွေ ဖြစ်နေကြတယ်၊ ဒေသခံ အများစုက မပြောင်းချင်ကြပါဘူး၊ ပြောင်းရွှေ့မယ့်ကိစ္စ သဘောမတူရင် ရုံးနဲ့ပဲရှင်းကြပါ ဆိုပြီးတော့ ရွာအစည်းအဝေးမှာ အာဏာပိုင်တွေက ခြိမ်းခြောက်နေကြပြီ”ဟု ထားဝယ် ခရိုင် ပုဂေါဇွန်း ရွာသား တဦး က ပြောသည်။
ပြောင်းရွှေ့ရမည့် သတင်းကို ဒု-သမ္မတ ဦးတင်အောင်မြင့်ဦး ထားဝယ်ဒေသ သို့ ပြီးခဲ့သည့် ရက်ပိုင်းက ရောက်ရှိခဲ့ပြီး နောက် တနေ့တွင် ကျေးရွာ အာဏာပိုင်များက လာရောက်ပြောဆို၍ သိရကြောင်း၊ သို့သော် မည်သည့် အချိန်၊ မည်သည့် နေရာဒေသ သို့ ပြောင်းရွှေ့မည် စသည့် အချက်အလက်များ ရှင်းလင်းမှု မရှိဟုလည်း ဒေသခံများ က ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန် အတွင်းရှိ ကျေးရွာ ၁၈ ရွာမှ အိမ်ခြေပေါင်း ၃၉၈၄ လုံး၊ အိမ်ထောင်စု ၄၀၇၅ စုမှ လူဦးရေ ၂၀၀၀၀ ကျော်ကို ပြောင်းရွှေ့နေရာ ချထားပေးရန် စီစဉ်နေကြောင်း ဇန်နဝါရီလ၂၄ ရက်နေ့ထုတ် အစိုးရ သတင်းစာများ၌ ရေး သား ထားသည်။
ထားဝယ်အထူးစီးပွားရေး ဇုန်တာဝန်ခံ ဦးတင်မောင်ဆွေကလည်း ဒေသခံများ၏ သဘောတူညီချက်ဖြင့် ပြောင်းရွှေ့ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
“လက်ရှိထက် အဆင့်မြင့်မြင့် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးမှာပါ၊ ပြောင်းရမယ့် အိမ်ကလည်း အလွတ်မဟုတ်ပါဘူး၊ ထမင်းအိုး၊ ဟင်းအိုး ပါ အဆင်သင့်ထည့်ပေးပြီးမှ ပြောင်းခိုင်းမှာပါ”ဟု ဦးတင်မောင်ဆွေ က ဆိုသည်။
စီမံကိန်းဧရိယာနှင့်မလွတ်ကင်း၍ ပြောင်းရွှေ့ရသည့် ကျေးရွာများတွင် ကာယကံရှင်များ နစ်နာမှုမရှိစေရန် ကိုယ်ချင်းစာ တ ရားဖြင့် ဆောင်ရွက်ပေးကြရန်နှင့် အိမ်၊ လမ်း၊ ကျောင်း၊ ဆေးရုံ၊ ဈေး၊ ရေ၊ လျှပ်စစ်မီး၊ အားကစားကွင်း စသည့် အခြေခံလို အပ် ချက်များကို ဆောင်ရွက်ပြီးမှသာ ပြောင်းရွှေ့ ပေးရန်လိုအပ်ကြောင်း ဒု-သမ္မတ ဦးတင်အောင်မြင့်ဦး က ပြောဆိုခဲ့ဟု လည်း အစိုးရ သတင်းစာများက ရေးထားသည်။
“ဒု-သမ္မတ ပြောသွားတာက တမျိုး၊ ရွာအာဏပိုင်တွေ လုပ်နေတာက တလွဲ ၊ ဒု-သမ္မတ က ဒေသခံတွေနဲ့ တွေ့မယ်ပြောတော့ ရွာသားတွေသွားကြပါတယ်၊ ဒါမေမယ့် မှတ်ပုံတင် စစ်ပြီး သူတို့က ရွေးတဲ့လူပဲတွေ့ ခွင့်ရတယ်”ဟု ဒေသခံ တဦးက ဆိုသည်။
ဦးတင်အောင်မြင့်ဦးနှင့် တွေ့ဆုံခဲ့သည့် ဒေသခံများသည် ဒေသခံ အာဏာပိုင်များက ပြောဆိုခိုင်းသည့် အတိုင်း ပြောဆို တင်ပြ ခဲ့သူများ ဖြစ်ကြောင်း၊ ဒေသခံအားလုံး၏ သဘောထားများကို ပြောဆိုခွင့် မရခြင်းအပေါ် ကျေနပ်မှု မရှိကြကြောင်း သိရ သည်။
ပြောင်းရွှေ့ရမည့်နေရာ၌ အသီးအနှံစိုက်ပျိုးထားမည် ဖြစ်ပြီး ဥယျာဉ်၊ ကြက်၊ ဝက်၊ ဘဲ စသည့်တို့ကို အဆင်သင့်စီမံပေး သွားမည်ဖြစ်ကြောင်း၊ ပြောင်းရမည့် အချိန်အတိကျကိုမူ မသိရသေးကြောင်း ဦးတင်မောင်ဆွေက ဆိုသည်။
Dawei Development Association အဖွဲ့ဝင်တဦးက ဒေသခံပြည်သူများသည် မိမိတို့၏ အခွင့်အရေး၊ ဆန္ဒ သဘောထားများကို ပြောဆိုရန် ကြောက်ရွံ့နေကြခြင်း၊ အသိပညာ အားနည်းခြင်း စသည် တို့အတွက် အသိပညာပေးမှုများ လုပ်ဆောင်သွားမည်ဟု ပြောသည်။အဖွ
ပြောင်းရွှေ့ရမည့် နေအိမ်များကို ဓာတ်ပုံရိုက် မှတ်တမ်းတင်နေပြီး နေအိမ်အသစ် ဆောက်လုပ်ခွင့်ကို တားမြစ်ထားသည် ဟု သိရသည်။
ထိုင်းနိုင်ငံ၌ အလုပ်လုပ်နေသည့် ဒေသခံ တချို့သည် ၎င်းတို့၏ နေအိမ်များအား ဖျက်သိမ်းထားခဲ့ပြီး ခြံကိုသာ ထားခဲ့လေ့ ရှိကြောင်း၊ ၎င်းတို့ ပြန်လာပါက နေထိုင်စရာ အိမ်ခြံမရှိတော့၍ ဒုက္ခရောက်ကြရဦးမည်ဖြစ်ကြောင်း ဒေသခံ သံဃာတော် တပါးက ဧရာဝတီ ကို မိန့်ကြားသည်။
“တချို့အိမ်တွေက အခိုင်ကြီး မဟုတ်တော့ ဆွေးသွားမှာ စိုးရိမ်လို့ ဖြိုဖျက် ထားခဲ့ကြတယ်၊ အခု ရွာတွေပြောင်းတော့ အစား
ထိုး နေအိမ်ပြန်မရဘူး၊ ခြံလျော်ကြေးကလည်းပဲ နည်းနည်းပဲ ပေးတော့ ရွာသားတွေ နစ်နာကြတယ်”ဟု ထိုသံဃာတော် က ဆက်လက် မိန့်သည်။
ပြောင်းရွှေ့ရမည့်ကျေးရွာ များမှာ ရေဖြူနှင့် လောင်းလုံမြို့နယ်အတွင်းမှ ပုဂေါ ဇွန်း၊ သပြေဇွန်း၊ ကျခတ္တ၊ ပင်အင်း၊ ဒေါင်းရှောင်၊ ကျောက်ထောက်၊ နတ်တွင်း၊ မယင်းကြီး၊ လဲရှောင်၊ ညောင်ပင်ဆိပ်၊ ပိတက်၊ ပိန်းရှောင်၊ ကျောက်ဝှက်ကုန်း၊ မူးဒူး၊ မသ ဒတ်၊ ထိန်ကြီး၊ မင်းဒပ် စသည်တို့ ဖြစ်ကြောင်း သိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန် သည် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့်အတူတွဲလျက် တည်ဆောက်နေခြင်းဖြစ်သည်။ ထားဝယ်ရေ နက် ဆိပ်ကမ်းစီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့်ရှိကြောင်း စီမံကိန်းဆောက်လုပ်ခွင့်ရ Italian-Thai Development ကုမ္ပဏီ မှတ်တမ်းများအရ သိရသည်။
ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်နေ့တွင် မြန်မာ အာဏာ ပိုင်များနှင့် ကုမ္ပဏီတို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။