ထိန်းသိမ်းခံထားရသော ကရင်အမျိုးသား အစည်းအရုံး(KNU) ခေါင်းဆောင်တဦးဖြစ်သည့် ပဒိုမန်းငြိမ်းမောင်ကို သေဒဏ် သို့မဟုတ် တသက်တကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့် အမှုဖြင့် စွဲချက် ထပ်မံတင်ထားကြောင်း ရှေ့နေက ပြောသည်။
ယခင်စွဲဆိုထားသည့် ပုဒ်မ များအပြင် နိုင်ငံတော်ကို စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်မှုတွင် ပါဝင်ကျူးလွန်သည့်အမှု ပုဒ်မ ၁၂၂(၁) နှင့် စွဲချက်တင်ထားသည်ဖြစ်ရာ တရားရင်ဆိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် တရားသူကြီးက ညွှန်ကြားလိုက်သည်ဟု ဆိုသည်။
“မန်းငြိမ်းမောင်က ရှေ့နေမငှားဘူး၊ မခုခံဘူး၊ ဆုံးဖြတ်သလို လိုက်နာမယ်ပြောတာ။ ဒါပေမယ့် ၁၂၂ (၁) က သေဒဏ်ကနေ တသက် တကျွန်းအထိ ချမှတ်နိုင်တာဖြစ်လို့ နိုင်ငံတော်ကနေ ရှေ့နေ ငှားပေးလိုက်တာ။ မတရားအသင်း ၁၇(၁) ကတော့၂နှစ် ကနေ ၃ နှစ်ချမှတ်နိုင်တယ်”ဟု ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
ကနဦးချမှတ်ထားသည့် ထောင်ဒဏ် ၆ လ ကျခံပြီးနောက် လွတ်မြောက်ရမည်ဖြစ်သော်လည်း KNU ခေါင်းဆောင်တဦးမှန်း သိသွားချိန်တွင် ပြန်မလွှတ်ပေးဘဲ ၎င်းရင်ဆိုင်နေရသည့် အမှုများကို မေ့ထားရန်၊ KNU နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် အကြံ ဉာဏ် များပေးရန်၊ ပူးပေါင်းကူညီရန် အာဏာပိုင်များက ကြိမ်ဖန်များစွာ တောင်းဆိုခဲ့သည်ဟု ဆိုသည်။
ရှေ့နေက“သတင်းတွေမှာပါလာတော့ မန်းငြိမ်းမောင်မှန်း သိသွားပြီး ဒီအချိန်မှာ ငြိမ်းချမ်းရေးကိစ္စလုပ်နေတော့၊ ဒီမှာရှိနေတာ ကောင်း တယ်။ ဒီအမှုကိစ္စတွေကို မေ့ထားလိုက်ပါ။ ဆရာက KNU ဗဟိုကော်မတီ တယောက်အနေနဲ့ ငြိမ်းချမ်းရေးရအောင် ဘယ်လို လုပ်ပေးနိုင်လဲ ဆိုပြီးတော့ ကူညီပါ၊ ငြိမ်းချမ်းရေးအတွက်သာ အာရုံစိုက်ပါလို့ ပြောလို့ KNU နဲ့ ဆွေးနွေးဖို့တွေ တတ်နိုင်သမျှ သူ အကူအညီ ပေးခဲ့တယ်လို့ ပြောတယ်”ဟု ဆိုသည်။
ဇန်နဝါရီ ၁၂ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့၌ KNU နှင့် အစိုးရအဖွဲ့တို့ တွေ့ဆုံရာတွင် ပဒိုမန်းငြိမ်းမောင်အပါအဝင် အကျဉ်း ကျ ခံနေရသည့် KNU နှင့် ပတ်သက်နေသူများကို လွှတ်ပေးရေးကို ထည့်သွင်းပြောဆိုခဲ့ပြီး ငြိမ်းချမ်းရေးနှင့် အပစ်အခတ် ရပ်စဲရေး အတွက် ဆက်လက်ဆွေးနွေးသွားရန် ပဏာမသဘောတူညီမှုများ ပြုခဲ့သည်။ ထို့နောက်တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း က ပဒိုမန်းငြိမ်းမောင်ကို ငြိမ်းချမ်းရေးလက်ဆောင်အဖြစ် ပြန်လွှတ်ပေးမည်ဟု ပြောဆိုခဲ့သည်။
ယခုကဲ့သို့ စွဲချက်တင်လိုက်ခြင်းအပေါ် အထူးအံ့အားသင့်၍ စိတ်မကောင်းဖြစ်မိကြောင်း၊ အစိုးရက လက်ရှိလုပ်ဆောင်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောဆိုသည်ဟု ရှေ့နေကဆိုသည်။
“သူ့ကို၊ သူ့အဖွဲ့အစည်းကို ကတိပေးပြီးမှ ဒီလိုလုပ်တာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ပြောလိုက်တယ်။ တိုင်းရင်းသားတွေဟာ မြန်မာ အစိုးရ အဆက်ဆက်ကို သံသယတွေ အများကြီးရှိခဲ့တယ်၊ ဒီလိုလုပ်လိုက်တာ သံသယတွေ ပိုတိုးပြီး ရှေ့လုပ်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ မယုံသင်္ကာပိုဖြစ်ပြီး အခက်အခဲတွေဖြစ်သွားမှာကို စိုးရိမ်တယ်လို့ ပြောလိုက်တယ်”ဟုလည်း ရှေ့နေက ပြော သည်။
KNU ဒု ဥက္ကဌ ပဒို စောဒေးဗစ်သာကပေါ် ကလည်း အစိုးရ၏ အပြုအမူသည် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် မကောင်းသော လုပ်ဆောင်မှုဖြစ်သည်ဟု ဝေဖန် ပြောဆိုသည်။
၎င်းက“ဒီလိုလုပ်တာ မကောင်းတဲ့ လုပ်ဆောင်မှုလို့ ကျနော်မြင်ပါတယ်။ တဖက်က ငြိမ်းချမ်းရေးဆိုပြီး သဲကြီးမဲကြီး လုပ်နေပြီးတော့ ပဏာမ ဆိုင်းထိုးတာတွေရှိနေသည့်တိုင်၊ လွှတ်ပေးမယ်ဆိုပြီး မလွှတ်သေးဘဲ ဒီလိုစွဲချက်တွေ ထပ်လုပ်နေတယ်ဆိုတော့ ကျနော် တို့ အများကြီး စဉ်းစားနေရပါတယ်။ ပဒို မန်းငြိမ်းမောင်အပါအဝင် ၆၉ ယောက်ရှိတယ် ကျနော်တို့ဘက်က။ ဒါနဲ့ ပတ်သက်ပြီးတော့ ဆက်ပြီးပြောရ ဦးမှာပဲ”ဟု ဆိုသည်။
ပဒို မန်းငြိမ်းမောင်သည် ပြီးခဲ့သည့် နှစ် ဇူလိုင်လ ၂၄ ရက်နေ့က စတင်ပျောက်ဆုံးသွားပြီးနောက် တရုတ်ပြည် ကူမင်းလေဆိပ်မှ တဆင့် မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်သို့ ပို့ဆောင်ခံရပြီး လူဝင်မှုကြီးကြပ်ရေး ဥပဒေ၊ တရားမဝင် စာရွက်စာတမ်း ကိုင်ဆောင်မှု၊ မတရား အသင်း ဆက်သွယ်မှုများဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ထားရာမှ ပြီးခဲ့သည့် ၂၀၁၁ ခု ဒီဇင်ဘာအတွင်း ၁၇ နှစ် ပြောင်းလဲ ချမှတ်ခံထားရသည်။
KNU ဗဟို ကော်မတီဝင်နှင့် တခြားသော တိုင်းရင်းသားတပ်ဖွဲ့များ ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ(UNFC) ကော်မတီဝင် တဦးလည်းဖြစ်သည့် မန်းငြိမ်းမောင်သည် မြန်မာပြည်ရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း များတွင် နှစ်ကြာရှည် ထိန်းသိမ်းခံခဲ့ရဖူးသူလည်း ဖြစ်သည်။
ကိုကိုးကျွန်းအကျဉ်းစခန်းတွင် ထိန်းသိမ်းခံနေရချိန် နိုင်ငံရေးသမားများ၏ အကျဉ်းသား အခွင့်အရေး အတွက် အကြိမ်ကြိမ် အစာ ငတ်ခံ ဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့သည်။
ကရင်လူငယ်အဖွဲ့မှ မန်းအောင်ကြည်၊ အထက်တန်းပြဆရာ ကိုအောင်ငွေ တို့နှင့်အတူ ပင်လယ်ပြင် မိုင်ပေါင်း ၂၀၀ ကျော်ခရီးကို ဖြတ်ပြီး ထွက်ပြေးနိုင်ခဲ့ခြင်း၊ ပြည်မသို့ အရောက်တွင် ဒေသခံ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်း စသည့် သူ၏အတွေ့အကြုံများကို ၂၀၀၀ ပြည့်နှစ်က ထုတ်ဝေသည့် ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ အမည်ရှိ စာအုပ်တွင် ရေးသားဖော်ပြထားသည်။