လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မကြာခင်က ပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ရဟန်း ၅ ပါးကို နိုင်ငံတော် သံဃမဟာနယက (မဟန) အဖွဲ့က အပြစ်ရှိသည်ဟု ယူဆ၍ ယနေ့ ဆင့်ခေါ်ခဲ့ကြောင်း သတင်း ရရှိသည်။
ရွှေဝါရောင် သံဃလှုပ်ရှားမှု အပြီးတွင် ဖမ်းဆီးထောင်ချခံခဲ့ရသူ ဦးဂမ္ဘီရ၊ ဦးဣဿရိယ၊ ဦးပဏ္ဍဝံသ (ခ) ဦးပြည်ကျော်၊ ဦးဝိသုဒ္ဒ၊ ဦးပညာသီဟတို့ ကို မဟန က ဆင့်ခေါ်ခဲ့ရာ ဦးပညာသီဟ (မဟာဗောဓိကျောင်း)၊ နှင့် ဦးပဏ္ဍဝံသတို့ ၂ ပါး သာ သွားရောက်နိုင်ခဲ့ကြောင်း၊ ကျန် ရဟန်း ၃ ပါးမှာ ခရီးလွန်နေသဖြင့် မလာရောက်နိုင်ကြောင်း ကြားသိရသည်။
အဆိုပါ ရဟန်း ၅ ပါးသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်းတွင် နအဖ အစိုးရက ချိတ်ပိတ်ထားသည့် ကျောင်းတိုက်တံခါးများအား မိမိသဘောနှင့်မိမိ ဖွင့်၍ သတင်းသုံးခြင်းနှင့် ခွင့်ပြုချက်မရဘဲ ရဟန်းပြန်လည် ဝတ်ခြင်းတို့ကြောင့် အပြစ်ရှိသည်ဟု ယူဆသည့်အတွက် မဟန ဆရာတော်ကြီးများက အရေးယူပေး ပါရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လျှောက်ထားခဲ့သောကြောင့် ဆင့်ခေါ် ခံခဲ့ရခြင်းဖြစ်ကြောင်း မဟန သို့ သွားရောက်ခဲ့သူ ဦးပဏ္ဍဝံသက ဧရာဝတီကို မိန့်ကြားသည်။
အဆိုပါရဟန်းများ ရဟန်း ပြန်လည် ဝတ်ခွင့်ရရေးနှင့် ကျောင်းတိုက်များတွင် ပြန်လည် သတင်းသုံး နေထိုင်ရေး တို့အတွက် ယနေ့မှစ၍ မဟန က တာဝန်ယူမည်ဖြစ်ကြောင်း မဟန အဖွဲ့ဝင် အလှည့်ကျ ၁၅ ပါး စုံညီက ယနေ့ မိန့်ကြားကြောင်း ဦးပဏ္ဍဝံသက ဆိုသည်။
“နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးတွေက ငါတို့ သံဃာကိစ္စ ဖြစ်တဲ့အတွက် ငါတို့ပဲ တာဝန်ယူမယ်လို့ ပြောခဲ့တယ်လို့ သိရတယ်” ဟု ဦးပဏ္ဍဝံသက မိန့်သည်။
မဟန ဆရာတော်ကြီးများက ယနေ့ သြဝါဒပေးရာတွင် သက်ဆိုင်ရာ ရဟန်းများအနေဖြင့် မဟန သို့ ရဟန်းပြန်လည် ဝတ်ခွင့် လျှောက်လွှာ ရေးတင်ရမည်ဖြစ်ကြောင်း၊ ကျောင်းတိုက်များကိုလည်း မိမိတို့ သော့ဖြင့် ကိုယ်တိုင်ပိတ်ကာ သက်ဆိုင်ရာ ခရိုင် သာသနာရေးမှူး ဒကာများထံ အပ်နှံ၍ ပြန်လည် သတင်းသုံးခွင့် လျှောက်လွှာတင်ရမည်ဖြစ် ကြောင်းဟု ဦးပဏ္ဍဝံသက မိန့်သည်။
မဟန၏ ညွန်ကြားလွှာ ၁၅ အရ အကျဉ်းထောင်ထဲမှ ပြန်ထွက်လာသည့် သံဃာများ အနေဖြင့် ရဟန်းဘ၀ ပြန်လည် ဝတ်ခွင့်ရရှိရန် ထောင်လွှတ်ဝရမ်း မိတ္တူနှင့်တကွ လျှောက်လွှာတင်ရမည် ဖြစ်ကြောင်း၊ လျှောက်လွှာတင်ပြီး ၃ ရက်မြောက် နေ့တွင် မဟန ရုံး၌ ရဟန်းပြန်လည် ဝတ်ခွင့်ပြုပေးမည်ဟု မဟန ဆရာတော်ကြီးများက ကတိပေးခဲ့ကြောင်း ဦးပဏ္ဍဝံသက ဆိုသည်။
“လျှောက်လွှာတင်ပြီး ၃ ရက်မြောက်တဲ့အချိန်မှာ သူတို့က ပြန်ပြီးတော့ ဖွင့်ပွဲ လုပ်ပေးမယ်လို့ပြောတယ်” ဟု ၎င်းက ဆက်လက် မိန့်သည်။
မဟနက ဇန်နဝါရီလ ၂၅ ရက်နေ့စွဲဖြင့် ခွင့်ပြုချက်မရှိဘဲ ပြစ်မှုကျူးလွန်သော ရဟန်းကိစ္စများ တင်ပြခြင်းနှင့် စပ်လျဉ်း၍ အဆိုပါ နေ့တွင်ပင် ကျင်းပသော ဆဌမအကြိမ်မြောက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ တတိယ အဖွဲ့ခွဲ၏ ဆဌမအကြိမ်၊ ပထမ အထူးအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် အဆိုပါ ရဟန်း ၅ ပါးကို ဆင့်ခေါ်ခဲ့ခြင်း ဖြစ်သည်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှူပ်ရှားမှု အပြီး ယခင် နအဖအစိုးရ အာဏာပိုင်များက မဂ္ဂင် ကျောင်းတိုက်နှင့် တခြား ကျောင်းတိုက် တချို့ကို ချိတ်ပိတ်ခဲ့သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သံဃ တပ်ပေါင်းစု ပြောခွင့်ရ ရဟန်းတပါးက “ဦးဇင်းတို့ ပြောချင်တာက အခု တံခါးဖွင့် ပြန်နေလို့ အပြစ်ရှိတယ်၊ ဆုံးမသြဝါဒ ပေးမယ်ဆိုရင် သာသနိက အဆောက်အအုံကို မတရားချိတ်ပိတ်တဲ့ သူတွေကို လည်း အလားတူ အပြစ်ပေးပြီး ဆုံးမ သြဝါဒပေးသင့်တယ်” ဟု ဧရာဝတီကို မိန့်ကြားသည်။